နိုင်၊ ကျဉ်းများ ဖမ်းလိုက်၊ လွှတ်လိုက် လုပ်နေခြင်းမှာ ဥပဒေစိုးမိုးရေးကို လွှမ်းမိုးရာရောက်

ပို့စ်တင်ချိန် - 12/14/2013 03:13:00 PM


တရားဥပဒေစိုးမိုးရေး မရှိသေးဟု နိုင်ငံတကာအပါအ၀င် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ဝေဖန်မှုခံနေရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရက နိုင်ငံရေးအကျဉ်းသားဆိုသူများကို လွှတ်လိုက်၊ ဖမ်းလိုက် လုပ်နေသည့် လုပ်ရပ်မှာ တရားဥပဒေစိုးမိုးရေးကို လွှမ်းမိုးရာရောက်ပြီး တရားစီရင်ဆုံးဖြတ်မှုများကို မှေးမှိန်အောင် ပြုလုပ်နေရာရောက်ကြောင်း ဥပဒေအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြသည်။

ဆီးဂိမ်းဖွင့်ပွဲအပါအ၀င် ယခုနှစ်အတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများထဲတွင် ပြစ်ဒဏ်ကျခံရပြီး လပိုင်းရက်ပိုင်းသာရှိသေးသည့် အကျဉ်းသားအချို့ မကြာခဏပါဝင်နေမှုအပေါ် တရားရေးလောကမှ ဝေဖန်နေကြခြင်းလည်းဖြစ်သည်။
““အစိုးရရဲ့ ဒီလုပ်ရပ်ဟာ တရားစီရင်ရေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတယ်။ ကြားထဲက အမိန့်ချတဲ့တရားသူကြီးနဲ့ ဖမ်းတဲ့ရဲပဲ အမုန်းခံရတယ်။ ဒီနေ့ဖမ်း ထောင်ကျ၊ နောက်နေ့လွှတ်ဆိုတာ တရားစီရင်ဆုံးဖြတ်မှုတွေကိုလည်း မထီမဲ့မြင်ပြုရာရောက်တယ်။ အဲဒီလွှတ်မယ်ဆိုရင် အရင်ကတည်းက ဖမ်းမနေနဲ့တော့။ ဒါဟာ သူတို့ ကမ္ဘာကိုပြချင်တဲ့ အကျဉ်းသားအရေအတွက် အတွက် လုပ်တာလားဆိုတာလည်း စဉ်းစားစရာပဲ။ ဒီလိုသာဆိုရင် ကျွန်တော်လည်း ပုဒ်မ ၁၈ နဲ့ ထောင်ကျကြည့်ရင်ကောင်းမလား စဉ်းစားမိတယ်””ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွှန့်တင်က ပြောကြားသည်။

နိုင်ငံနှင့် ပြည်သူတို့အတွက် ဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရသည်ဟု ယုံကြည်ရသူမှန်သမျှကို ၎င်းတို့ စတင်ထောင်ကျလျှင်ကျချင်း နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီက စာရင်းကောက်ယူထည့်သွင်းပြီး သမ္မတထံ လွှတ်ပေးရန်တောင်းဆိုရကြောင်း၊ လွှတ်ပေးခြင်း၊ မပေးခြင်းမှာမူ သမ္မတဦးသိန်းစိန်အပေါ်တွင်သာ မူတည်ကြောင်း ယင်းကော်မတီဝင်တစ်ဦးကပြောကြားသည်။
““အခုနောက်ပိုင်း ပုဒ်မ ၁၈ တို့၊ ပုဒ်မ ၅၀၅(ခ)တို့က ပေါ်ပြူလာဖြစ်လာတဲ့သဘောပေါ့။ ဒီကြားထဲမှာ စုန်းပြူးတွေလည်း ပါချင်ပါလာမှာပေါ့။ ဒါပေမဲ့ ဒါဟာအနည်းစုပါ။ ကျွန်တော်တို့တုန်းကလို ထောင်ဒဏ်တွေ အများကြီးချလိုက်မယ်ဆိုရင်တော့လည်း အဖြူအမည်းသဲကွဲသွားမှ ပါ။ ဒါပေမဲ့ အားလုံးဟာ နိုင်ငံနဲ့ ပြည်သူ့အရေးကိစ္စကို အမြတ်ထုတ်လိုသူ နည်းကြပါတယ်””ဟု ၎င်းကပြောကြားသည်။

တရားသူကြီးနှင့်တရားရုံးများမှ သက်ဆိုင်ရာအဖွဲ့အစည်းက တရားစွဲဆိုတင်ပို့လာပါက အမှုပေါ်ပေါက်ချက်နှင့်အညီ တရားစီရင်ရခြင်းဖြစ်သော်လည်း အမိန့်ချပြီး မကြာမီမှာပင် အုပ်ချုပ်ရေးပိုင်းက ယခုကဲ့သို့ ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ၊ အထူးသဖြင့် နိုင်ငံတကာအပါအ၀င် တက်ကြွလှုပ်ရှားသူအများစုက ကန့်ကွက်နေကြသည့် ပုဒ်မ ၁၈ နှင့် ပုဒ်မ ၅၀၅(ခ) စသည့် ဥပဒေများမှာ လိုရာသုံးနေသည့် သားရေကြိုးဥပဒေများသက်သက်သာ ဖြစ်နေသည်ဟု ပြသရာရောက်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောသည်။
““အကျဉ်းသားတွေကို ကမ္ဘာသိလွှတ်ပြနေတာဟာ ဂရင်းနစ်စံချိန်ထဲဝင်အောင် လွှတ်နေတာလားလို့တောင် ထင်မိတယ်။ တရားသူကြီးနဲ့ရဲကလည်း ကြာတော့ အမုန်းမခံချင်တော့ရင် ဒါ Rule of Law ကို ထိခိုက်တာပဲ။ လာဘ်စားမှ ထိခိုက်တာမဟုတ်ဘူး။ ငါတို့ဖမ်းထောင်ချလည်း လွှတ်မယ့်အတူတူ အနိမ့်ဆုံးပြစ်ဒဏ်လောက်ပဲပေးမယ်ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်””ဟု ဦးမင်းတေဇညွှန့်တင်က ဆက်လက်ပြောသည်။

ပုဒ်မ ၅၀၅(ခ)မှာ ဆူပူအကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်သည်ဟုဆိုကာ အရေးယူသည့်ပုဒ်မ ဖြစ်သည်။ ပုဒ်မ ၁၈ မှာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ပုဒ်မနှစ်ခုလုံးမှာ ထောင်ဒဏ်နှင့် ငွေဒဏ်များကို သက်ဆိုင်ရာတရားသူကြီး၏ ဆင်ခြင်တုံတရားနှင့်အညီ ချမှတ်ခြင်းဖြစ်သည်။ လက်ရှိတွင် တရားဝင်ခွင့်ပြုချက်ရယူ၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြခွင့် ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရန် အဆိုပါ ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးမည်ဖြစ်သည်။

7 Day Daily