နိုင်ငံရေး အကျဉ်းသား ၄၀ ကျော် လွှတ်ပေး

ပို့စ်တင်ချိန် - 12/11/2013 11:00:00 PM


အင်းစိန် အကျဉ်းထောင် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်းမှ နိုင်ငံရေး အကျဉ်သား ၄၁ ဦး နှင့် အသက်မပြည့်သေးသည့် ကလေး စစ်သား ၃ ဦးတို့သည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။

“ကျနော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတဲ့ ၄၁ ယောက် ဒီကနေ့ ပြန်လွတ်လာတာပါ။ ကျန်တဲ့ ၃ ဦးက ကလေးစစ်သားဟောင်းတွေလို့ သိရတယ်” ဟု နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။

သူက ဆက်လက်ပြီး “ဒါပေမယ့် အခြား ၃ ယောက်ကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုမထားပါဘူး။ ကျနော်တို့ ကော်မတီနဲ့ အဲဒီ ၃ ဦးကိစ္စ ကြိုတိုင်ပင်ထားတာလည်း မရှိပါ” ဟု ပြောသည်။

ဒီဇင်ဘာ ၇ ရက်နေ့က နောက်ဆုံးကျင်းပခဲ့သော သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်း ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသား  စိစစ်ရေး ကော်မတီ၏ အစည်းအဝေးတွင် အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် အဖွဲ့များက ကိုယ်စားလှယ် ကော်မတီဝင်များက အပြန်အလှန် ညှိနှိုင်းပြီး ၄၁ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် သမ္မတထံ  တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ လွတ်မြောက်လာသူများမှာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီငြိမ်းလင်း အပါအ၀င် ၁၁ ဦး၊ ပဲခူး အကျဉ်းထောင်မှ ဦးဝင်းချို အပါအ၀င် ၆ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၄ ဦး၊ ပုသိမ် အကျဉ်းထောင်မှ ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး၊ ဘာအံ အကျဉ်းထောင်မှ ၁ ဦး၊ တောင်ငူ အကျဉ်းထောင်မှ ၁ ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ၁ ဦး၊ မန္တလေး အကျဉ်းထောင်မှ ၁ ဦး၊ တောင်ကြီး အကျဉ်းထောင်မှ ၁ ဦး၊ ဘူးသီးတောင် အကျဉ်း ထောင်မှ ၁ ဦး၊ သထုံ အကျဉ်းထောင်မှ ၁၀ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့က တင်ပြလိုက်သည့် စာရင်းထဲတွင် ထည့်ထားသော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုဖြင့် တရားရင်ဆိုင်နေရသည့် ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ မပါဝင်သေးကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို ယနေ့ ထပ်မံ လွှတ်ပေးလိုက်သော်လည်း အကျဉ်းထောင်များတွင် လက်ကျန် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးကျန်ရှိနေသေးပြီး ပုဒ်မ ၁၈ ကဲ့သို့ တရားစွဲဆိုမှုများဖြင့် အမှုရင်ဆိုင်နေရဆဲ ၂၀၀ ခန့် ရှိနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။

လွတ်မြောက်လာသူများ အထဲတွင် ပါဝင်သည့် လယ်သမားအရေး လိုက်ပါကူညီပေးနေသူ ဦးဝင်းချိုက “ဒီနေ့ ဆီးဂိမ်းကြောင့်ပဲ လွှတ်လွှတ်၊ ဘာကြောင့်ပဲ လွှတ်လွှတ် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်တယ်လို့ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သမ္မတက လွှတ်ပေးလိုက်၊ သမ္မတ တပည့်တွေက ပြန်ဖမ်းလိုက်နဲ့ သံသရာလည်နေလို့ပါ အခုလည်း ကျနော် ပြောပြချင်တာက သမ္မတကိုလည်း ကျေးဇူး မတင်ချင်တော့ပါဘူး။ ပြည်ထဲရေးက သူတွေရော၊ ရဲတွေကိုရော မမုန်းချင်တော့ပါဘူး။ သမ္မတကလည်း လွှတ်မြဲအတိုင်း လွှတ်၊ ပြည်ထဲရေးကလည်း ဖမ်းမြဲအတိုင်း ဖမ်း၊ ကျနော်တို့ကလည်း လုပ်မြဲအတိုင်း လုပ်နေမှာပါလို့ပဲ ပြောပြချင်ပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု အနောက်နိုင်ငံ ခရီးစဉ်များအတွင်း ကတိပေး ပြောဆိုခဲ့သည်။

“ကျနော့်အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ယခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတွင် လူသိရှင်ကြား ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ထိုကဲ့သို့ ကတိပေးစကား ပြောဆိုခဲ့သေးသော်လည်း ယခု နှစ်ကုန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဟူသည်မှာ ခက်ခဲနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။

“ဖြစ်နိုင်ဖို့ ခက်ပါတယ်။ နိုင်/ကျဉ်း ကုန်စေချင်ရင်တော့ အမူရင်ဆိုင်ဆဲ သူတွေကိုပါ လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် ပုဒ်မ ၁၈ စသည့် ကိစ္စများကိုလည်း ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း၊ တရားရင်ဆိုင် နေရဆဲသူများကိုလည်း ပြန်လွှတ်ပေးရန် ဆွေးနွေးမှုများ ရှိသည်ဟုလည်း သိရသည်။

ထို့အပြင် ရှမ်းပြည် တပ်မတော် RCSS/SSA ၏ တပ်မဟာ (၂၄၁) တပ်မှူး ဒု ဗိုလ်မှူးကြီး ခွန်ကျော် ခေါ် သံချောင်းအား နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး ကော်မတီအဖွဲ့အတွင်း သဘောထား ကွဲလွဲနေကြောင်းလည်း စုံစမ်းသိရှိရသည်။

၎င်းသည် တချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ၌ ဖြစ်ပွားခဲ့သော ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားများ သတ်ဖြတ်မှု ကိစ္စတွင် အဓိက တာဝန်ရှိသူတဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသား တပ်မတော်သားဟောင်းများက ပြောဆိုထားကြသည်။

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီး ညီလာခံ (World Innovation Summit for Health) သို့ တက်ရောက်နေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရန် လိုအပ်နေကြောင်း ယမန်နေ့က ပြောဆိုသည်။
ဧရာဝတီ သတင်း Myanmar News