ပြည်ခိုင်ဖြိုး ရေးသင့်သော သမိုင်း

ပို့စ်တင်ချိန် - 1/18/2014 08:01:00 PM


အာဏာရပါတီ၊ တပ်မတော်နဲ့ နီးစပ်မှု၊ နားလည်မှု အရှိဆုံး ပါတီ၊ စစ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများဆုံး ဖြစ်နေသေးတဲ့ အတိုက်အခံပါတီကြီး NLD နဲ့ အဓိက ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ဒီမိုကရေစီဘက်ကို သိသာထင်ရှားစွာ ပိုမိုရွေ့လျားတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးကရော၊ ပြည်တွင်းကပါ လက်ခံ ယုံကြည်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း အထူးတလည် ဂရုတစိုက် ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အနေအထား ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့ ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲ ဆိုတဲ့ ကိစ္စဟာ မရေမရာဖြစ်နေဆဲ ဖြစ်တဲ့အပြင် မြန်မာ့နိုင်ငံရေးခရီး တည်ငြိမ်မှု ရှိရေးအတွက် အဓိကကျတဲ့ အချက် ဖြစ်နေတာလည်း တွေ့ရပါတယ်။ လတ်တလော ခန့်မှန်းရသလောက် လွှတ်တော်များမှာ အမတ်ဦးရေ အများစု ရှိနေတဲ့အပြင် တပ်မတော်နဲ့လည်း နားလည်မှု အပြည့်အဝ ရှိတယ်လို့ ယူဆရတဲ့ ပြည်ခိုင်ဖြိုးအနေနဲ့ သမ္မတလောင်းအတွက် သတ်မှတ်ချက်များကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မ (၅၉) ကို အတိုက်အခံပါတီကြီး လက်ခံနိုင်တဲ့ အနေအထားအထိ ပြင်ဆင်ပေးဖို့ စဉ်းစားထားတဲ့ ပုံမရှိသေးတဲ့ အပြင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အတိုင်းအတာ တစ်ခုအထိ ပြင်ဆင်ပေးရေးကိုတောင်မှ လွှတ်တော်တွင်းမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုနိုင်ဖို့ ကံသေကံမ ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ တခြားသောပုဒ်မများကို ပြင်ဆင်နိုင်ရေးထက် ၅၉ ( စ ) ကို ပြင်ဆင်ရေးက ပိုပြီး အများရဲ့အာရုံစိုက်မှု ဖိအားပေးမှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့လည်း ပါတီတွင်းမှာ လူမသိ သူမသိ အကျပ်အတည်းတချို့ ရှိနေတယ်လို့ ထင်မြင်ယူဆစရာ အကြောင်းများ ရှိနေပြီး ၂၀၁၅ ဟာ အာဏာရပါတီ အတွက် တကယ့် ဘေးကျပ်နံကျပ် ဖြစ်လိမ့်မယ် ဆိုတာလည်း အထင်အရှား ဖြစ်နေပါတယ်။

ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် နီးစပ်မှုကြောင့်အပြင်၊ အရင်အစိုးရထံမှ အာဏာလွှဲပြောင်းရယူထားတဲ့ ပါတီဖြစ်တဲ့အလျောက် အရင် အစိုးရလက်ထက်ကတည်းက အာဏာရှိခဲ့သူများ ဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးများဟာ ၂၀၁၀ မှာ မူပြောင်းပေးခဲ့ပြီး ၂၀၁၅ မှာ လူပါ ပြောင်းပေးရနိုင်တဲ့ အနေ အထားဖြစ်နေကာ ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံး ချမှတ်ဖို့ အလိုအပ်ဆုံး အချိန်အခါ ဖြစ်နေပါတယ်။ ပြည်တွင်း ပြည်ပ မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်သူ အများစုက ၂၀၁၅ မှာ အုပ်ချုပ်သူရော မူရောပြောင်းတဲ့ အနေအထား အမှန်တကယ် ဖြစ်ပါ့မလား (တရားမျှတတဲ့ ရွေးကောက်ပွဲများ ဖြစ်လာပါ့မလား) ဆိုတာ သံသယတွေနဲ့ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအနေအထားဟာ ပြည်ခိုင်ဖြိုးဟာ ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းတဲ့အထိ တရွေ့ရွေ့သာ ကူးပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ အနေအထားမျိုးမှာ ရှိနေပြီး ၂၀၁၅ မှာ အတိုက်အခံတို့ အနိုင်ရခဲ့ရင် နိုင်ငံရေးတည်ငြိမ်မှုကို အာမခံချက် ရှိပါ့မလား ဆိုတဲ့ အချက်ကိုတော့ ယင်းပါတီကိုယ်တိုင်ရော နိုင်ငံရေး နယ်ပယ်က ပုဂ္ဂိုလ်တော်တော်များများပါ စိုးရိမ်တကြီး ရှိနေကြတာ ဖြစ်ပါ တယ်။ တစ်ဖက်မှာ ဒီမိုကရေစီကို မြန်မြန်တည်ဆောက်လိုတဲ့ ဆန္ဒနဲ့ တစ်ဖက်မှာ နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲပြီး မျှော်လင့်ချက်များ ပျောက်ဆုံးမှာ စိုးရိမ်နေကြတဲ့ သဘောပါ။

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်များအနေနဲ့ လူထုရဲ့လက်ခံမှုကို အပြည့်အဝရဖို့ ဆိုရင် အချက်နှစ်ချက်ကို ပိုင်းဖြတ်လုပ်ဆောင်ဖို့ သင့်တယ်လို့ ယူဆပါတယ်။ ပထမတစ်ချက်က လောလောဆယ် အသံထွက်နေသလို သူရဦးရွှေမန်းကို သမ္မတလောင်း အဖြစ် ရွေးမယ့် ကိစ္စကို ပယ်ဖျက်ပြီး လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ဖြစ်ကာ ဒုတိယတစ်ချက်က ဒေါ်စုကို သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရအောင် ဥပဒေကို ပြင်ဆင်ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ် လုပ်ဆောင်ဖို့ ပြည်ခိုင်ဖြိုးအနေနဲ့ တွန့်ဆုတ်နေ တာမှန်ပေမယ့် ၂၀၁၅ မှာ ပါတီအနေနဲ့ အကောင်းဆုံးရလဒ်ရဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ဒီမိုကရေစီသို့ ဦးတည်နေတဲ့ နိုင်ငံရေးလမ်းကြောင်း မယိမ်းမယိုင် ရှိရေးအတွက် ဒီနည်းလမ်း တစ်ခုတည်းက အကောင်းဆုံးဖြစ်တယ်လို့ ယူဆပါတယ်။
ပြည်ခိုင်ဖြိုးကို လက်ရှိပြည်တွင်းပြည်ပက လက်ခံတယ်ဆိုတာ လက်ရှိသမ္မတကို ယုံကြည်လက်ခံလို့ ဆိုတဲ့အချက်က အဓိကဖြစ်တယ် ဆိုတာ ငြင်းမရပါဘူး။ လက်ရှိသမ္မတရဲ့ အောင်မြင်မှု၊ ဂုဏ်သိက္ခာမြင့်မားမှုနဲ့ လူထု ထောက်ခံမှုကို ပါတီအနေနဲ့ ပြန်လည် အသုံးမချဘူးဆိုရင် အမြော်အမြင် နည်းလွန်းရာ ကျပါလိမ့်မယ်။ ပြည်တွင်းပြည်ပက လက်ခံမှုလုံးဝ မရှိခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်များကို လက်ခံယုံကြည်မှု တစ်စတစ်စ တိုးပွားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့ လက်ရှိသမ္မတဟာ ပြည်ခိုင်ဖြိုး ပါတီရဲ့ လာမယ့် ရွေးကောက်ပွဲရလဒ်ကို အနည်းဆုံး အတိုင်းအတာ တစ်ခုအထိ ကောင်းမွန်စေမယ် ဆိုတာ ထင်ရှားနေပါတယ်။

လောလောဆယ် နာမည်ထွက်နေတဲ့ သူရဦးရွှေမန်း အနေနဲ့လည်း အမှန်တကယ်သာ နိုင်ငံနဲ့လူထု အတွက် အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မျှော်လင့်ချက်ကောင်းစွာ ရှိနေတာ ဖြစ်ပါတယ်။

သမ္မတရာထူး ယှဉ်ပြိုင်တဲ့အချိန် ရောက်လာတဲ့အခါ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပိုင်ပိုင်နိုင်နိုင် ရထားပြီးတဲ့ ပါတီဖြစ်တဲ့အပြင် တ.စ.ည ပါတီရဲ့ ဆန္ဒမဲနဲ့ အခြားပါတီတချို့ရဲ့ ဆန္ဒမဲများ ကိုလည်း ရရှိနိုင်တဲ့ အနေအထားမှာ လက်ရှိသမ္မတကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်ခိုင်ဖြိုး အနေနဲ့ လိုအပ်တဲ့ ဆန္ဒမဲ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းခန့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့ပါတီကနေ ရွေးချယ် တင်မြှောက်ခံရဖို့ ကြိုးစား အားထုတ်နိုင်တာဖြစ်ပါတယ်။ လက်ရှိသမ္မတ မဟုတ်ရင်တော့ မျှော်လင့်ချက်က မရှိသလောက် ဖြစ်ပါတယ်။

တစ်ဖက်ကို ကြည့်လိုက်ရင်လည်း NLD အနေနဲ့က မဲဆန္ဒနယ် အများစုကို အနိုင်ရဖို့ သေချာနေတဲ့အပြင် တိုင်းရင်းသားပါတီများရဲ့ ဆန္ဒမဲများ ကိုလည်း သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ NLD ကပဲ အများစုရဖို့ ရှိနေပါတယ်။ ဒီတော့ ဒေါ်စုသမ္မတလောင်း ဖြစ်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ NLD ပါတီက အစိုးရဖွဲ့နိုင်ရေး တော်တော်ကြီး နီးစပ်နေတာဖြစ်ပြီး NLD ပါတီရဲ့ Capacity ကိုလည်း အားလုံးက စိုးရိမ်နေကြတာ ဖြစ်လေတော့ ဒေါ်စုဦးဆောင်တဲ့ အစိုးရ ဖွဲ့တာကို ရွေးမလား၊ ဒေါ်စုမပါတဲ့ NLD အစိုးရဖွဲ့တာကို ရွေးမလားဆိုတဲ့ ကိစ္စကို စဉ်းစားကြည့်သင့်ပါတယ်။
တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ကလည်း ၂၀၁၅ မှာ တော်တော် အရေးပါနေတာ ဖြစ်ပြီး ၂၀၁၅ သမိုင်းကိုလည်း နောင်တစ်ချိန်ကျမှ အသစ်ပြန်ရေးလို့ ရမှာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးဟာ လက်ရှိသမ္မတကို သမ္မတလောင်း အဖြစ် ရွေးချယ်ပြီး တစ်ဖက်ကလည်း ဒေါ်စုကို ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့ခွင့် အတွက် ကြိုးပမ်းနိုင်ရုံ မကဘဲ တစ်ဖက်မှာလည်း (ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ) ပါတီရဲ့ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် မြှင့်တင်နိုင်မှာ မုချဖြစ်ပါတယ်။

ဒေါ်စုအနေနဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန် ဆိုရင် အသက်အရွယ်အားဖြင့် တော်တော်ကြီးနေပြီ ဖြစ်မှာမို့ ၂၀၁၅ မှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ရင် အများက လိုလားတောင့်တတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပြည်ခိုင်ဖြိုးက ပိတ်ပင်ထားတယ် ဆိုတဲ့သမိုင်း ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ မြန်မာတွေအနေနဲ့ ခါးသီးဆိုးရွားလှတဲ့ သမိုင်းသင်ခန်းစာ အမြောက်အမြားကို ရရှိထားကြပြီး ဖြစ်တာမို့ နောက်ထပ် နောင်တရစေမယ့် သမိုင်းဆိုး တစ်ခုကို ရှောင်ရှားလို့ ရသလောက် ကြိုတင်ရှောင်ရှားနိုင်ကြရင် အကောင်းဆုံး ဖြစ်မယ်လို့လည်း ယူဆပါတယ်။

အခြေခံဥပဒေ အရ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်လည်း အပြည့်အဝ ရှိနေတာမို့ အတိုက်အခံသမ္မတ (အစိုးရ) ကို အထူးတလည် စိုးရိမ်နေစရာ မရှိလှဘဲ တကယ်တမ်း အတိုက်အခံ အနိုင်ရ ခဲ့ရရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်တို့အပေါ်မှာ ကျန်ရှိနေသေးတဲ့ မကျေနပ်မှု အကြွင်းအကျန်ကို လုံးဝ ကွယ်ပျောက်သွား စေမှာလည်း ဖြစ်ပါတယ်။ ၂၀၁၅ ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံး ကလည်း တစ်ခဲနက် သြဘာပေးကြမှာ ဖြစ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အကြီးအကျယ် အရှိန်မြှင့် ဆောင်ရွက်နိုင်မှာ အသေအချာ ဖြစ်ပါတယ်။

ဦးသိန်းစိန်ကို သမ္မတလောင်းအဖြစ် ရွေးချယ်ပြီး ဒေါ်စုကိုလည်း လမ်းဖွင့်ပေးလိုက်တဲ့ နည်းဟာ ပြည်ခိုင်ဖြိုးရေးရမယ့် အကောင်းဆုံး ၂၀၁၅ သမိုင်းဖြစ်ပြီး နိုင်ငံနဲ့လူထု အတွက်လည်း ဒီမိုကရေစီခရီးကို တည်တည်ငြိမ်ငြိမ် ဆက်လက် လျှောက်လှမ်းနိုင်ဖို့ အကောင်းဆုံး အာမခံချက် ဖြစ်ပါလိမ့်မယ်။ ကြိုးစားမယ် ဆိုရင် ပြည်ခိုင်ဖြိုးအစိုးရကို ဂုဏ်သိက္ခာရှိရှိ ဖွဲ့နိုင်တဲ့ အလားအလာလည်း ရှိနေသေးတာဖြစ်ပြီး မျှမျှတတ ယှဉ်ပြိုင်ခွင့်ပေးလို့ အတိုက်အခံတို့ ရှုံးနိမ့်ခဲ့ရင်လည်း ရလဒ်ကို အားလုံးက ကျေကျေနပ်နပ် လက်ခံရမှာ၊ လက်ခံကြမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်လို့ ပြည်ခိုင်ဖြိုး အနေနဲ့ ၅၉(စ)ကို ပြင်မပေးဘဲ၊ လက်ရှိ သမ္မတကိုလည်း ပြန်လည်ရွေးချယ်ခြင်း မပြုဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မယ် ဆိုရင်တော့ ရွေးကောက်ပွဲလည်း သေချာပေါက် ရှုံးမှာဖြစ်တဲ့အပြင် ဂုဏ်သိက္ခာလည်း ရှုံးရုံမက ၂၀၁၅ သမိုင်းကို မလှမပ ရေးသားခဲ့တဲ့ပါတီ အဖြစ် နောက်ထပ် အမည်းစက် ထင်ကျန်နိုင်တယ်လို့ ဆိုပါရစေ။ ဒီသမိုင်းကို ရေးဖို့ အခါအခွင့်ကို တစ်ကြိမ်ပဲရရှိတာ ဖြစ်တဲ့အပြင် ရေးဖို့ အခွင့်အလမ်း အများစုကိုလည်း ဆုပ်ကိုင်ထားတဲ့ ပါတီကြီးအနေနဲ့ နိုင်ငံနဲ့ လူထုအကျိုးစီးပွားကို မျှော်လို့လည်းကောင်း၊ ပါတီရဲ့ရေရှည်အကျိုးစီးပွား (လူထုထောက်ခံမှု ရေရှည်မှာ ရရှိဖို့) ကို မျှော်လို့လည်းကောင်း၊ အတိတ်က ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ မှားယွင်းဆောင်ရွက်ဖူး ခဲ့သမျှကို ချေဖျက်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရေးကို မျှော်လို့လည်းကောင်း၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးကို နိုင်ငံသားအားလုံးတို့ အလျင်အမြန် ခံစား စံစားနိုင်ကြရေး မျှော်လို့လည်းကောင်း အမြော်အမြင် ကြီးကြီးထားလျက် ဆုံးဖြတ် ဆောင်ရွက်နိုင်ကြ စေလိုသော စေတနာအရင်းခံဖြင့် ထောက်ပြဝေဖန် သတိပေးလိုက်ရပါတယ်။ ။
(ပိုက်တင်)