မေရီလန်းမောလ် အားတိုက်ခိုက်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 1/26/2014 07:46:00 PM


ဇန်နဝါရီ ၂၆။

သေနတ်သမား တစ်ဦး၏ တိုက်ခိုက်မှုကြောင့် မေရီလန်းမောလ်ရှိ အလုပ်သမားနှစ်ဦး သေဆုံးပြီးနောက်တွင် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ပစ်ခတ်မှုသည် အခြား လူငါးဦးကိုလည်း ဒဏ်ရာရရှိ စေခဲ့သည်။ တစ်ချိန်က လူအများ လုံခြုံသည်ဟု ခံစားခဲ့ရသည့် ရှော့ပင်မောလ်များ၊ ကျောင်းများကို ပစ်ခတ် တိုက်ခိုက်မှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ယခုရက်သတ္တပတ် အတွင်း အမေရိကန်၌ ဖြစ်ပွားခဲ့သည်။

“ဒီကိစ္စမျိုးဟာ ကိုလမ်ဘီယာမောလ်မှာ မဖြစ်သင့်ပါဘူး။ တစ်ခြား ဘယ်နေရာမှလဲ လုံးဝကို မဖြစ်သင့်ပါဘူး ” ဟု ဟောင်းဝပ်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဘီလ်မက်မဟွန်းမှ သတင်းထောက်များအား ပြောကြားခဲ့သည်။ ရှော့ပင်းမောလ်မှ အလုပ်သမားများ ဖြစ်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား သေဆုံးအောင် ပစ်ခတ်ခဲ့ပြီး ဒုတိယထပ်တွင် သေနတ်သမားသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ပစ်ခတ်ရခြင်း အကြောင်းရင်းကိုမူ မသိရှိရသေးပေ။ ရဲတပ်ဖွဲ့ နံပါတ် ၉၁၁ အား ပထမဆုံး ခေါ်ဆိုမှုအပြီး ၂ မိနစ်အတွင်း ရဲတပ်ဖွဲ့မှ ရှော့ပင်းမောလ်သို့ ရောက်ရှိခဲ့သည်။

စုံစမ်းစစ်ဆေးသူများမှ ၎င်းအချိန်အတွင်း လူထောင်ပေါင်းများစွာ ရှိနေခဲ့ကြောင်း၊ ကြောက်ရွံ့မှုဖြင့် ကောင်တာများ နောက်တွင်၊ နားနေခန်းများတွင် ပုံးကွယ်နေခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ရှေးဦးစုံစမ်းမှု များအနေဖြင့် ပစ်ခတ်မှုသည် အချင်းချင်း အငြင်းပွားမှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ပစ်ခတ်သူနှင့် အပစ်ခံရသူများ အကြား သိကျွမ်းမှု ရှိ၊မရှိ မဆုံးဖြတ်ရသေးပေ။ “ ဒီအတွက် သတင်း အချက်အလက်တွေကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ ဘာကြောင့် ဒီလို ပတ်ခတ်ခဲ့သလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး ” ဟု မက်မဟွန်းမှ ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူ လူငါးဦးကို ဟောင်းဝပ်ကောင်တီခရိုင် အထွေထွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

သောကြာနေ့ ညနေပိုင်းက တောင်ပိုင်း ကယ်ရိုလိုင်းနား တက္ကသိုလ်တွင် ကျောင်းသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး သံသယရှိသူ အချို့ကို လိုက်လံ ဖမ်းဆီးနေဆဲပင် ဖြစ်သည်။ အင်္ဂါနေ့တွင် ပါဒူ တက္ကသိုလ်ရှိ လျှပ်စစ်အင်ဂျင်နီယာ အဆောက်အအုံအတွင်း ကျောင်းသားတစ်ဦးမှ အခြားကျောင်းသား တစ်ဦးကို ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။ တနင်္လာနေ့တွင် ဖီလာဒဲဖီးယားရှိ ဝိုက်ဒနာ တက္ကသိုလ်တွင် ကျောင်းသားတစ်ဦး အားကစား ခန်းမအတွင်း ပြင်းထန်စွာ ပစ်ခတ်ခံခဲ့ရသည်။ သံသယရှိသူအား ရဲတပ်ဖွဲ့မှ ရှာဖွေနေဆဲပင် ဖြစ်သည်။

REF: CNN
The Myanma Age