၂ဝဝ၈ ဖွဲ့စည်းပုံပြုပြင်ပေးရေး လှိုင်သာယာ၌ လူတစ်ရာခန့် ဆန္ဒပြ

ပို့စ်တင်ချိန် - 1/26/2014 07:59:00 PM


စစ်အစိုးရက တစ်ဖတ်သတ် ရေးဆွဲပြီး အတည်ပြုခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြုပြင်ပြောင်းလဲပေးရေး တက်ကြွလှုပ်ရှားသူ ၁ဝဝနီးပါးဟာ လှိုင်သာယာမြို့နယ်မှာ ဇန်နဝါရီ ၂၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

လှိုင်သာယာ ဘီအိုစီအဝိုင်းကနေ အောင်မြေသာယာ ဘောလုံးကွင်းအထိ စီတန်းလှည့်လည်ခဲ့ပြီး ဆန္ဒပြသူတွေက သူတို့ဟာ ဘယ်ပါတီအဖွဲ့အစည်းနဲ့မှ မဆိုင်ကြပေမယ့် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို လျှော့ချစေချင်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲကို စီစဉ်တဲ့ ကိုမြတ်မင်းသူက မြန်မာပြည်ဟာ ဒိမိုကရေစီအသွင်ကူးပြောင်းနေတယ်လို့ ဆိုပေမယ့် အမှန်တကယ်မှာတော့ စစ်အာဏာရှင်စနစ်သာ ပုံစံတစ်မျိုးနဲ့ ကြီးစိုးနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး အပြည့်အဝရှိရေး၊ တရားမျှတမှုရှိရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အာဏာရှင်အဟောင်းအသစ်တွေ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

Kamayut Media