ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဇန်န၀ါရီ ၂၀ မှစ၍ အိမ်အရောက်စနစ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးဟုဆို

ပို့စ်တင်ချိန် - 1/26/2014 09:00:00 AM




ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ဇန်န၀ါရီ ၂၀ ရက်မှ စတင်၍ အိမ်အရောက် (Door to Door) စနစ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

““ Door to Door စနစ်ဆိုတာက သက်ဆိုင်ရာမိသားစုတွေရဲ့ ရုံးလက်ခံအိမ်ထောင်စုဇယားအပေါ်မှာ အခြေခံပြီး ဘယ်သူကတော့ အသက်ပြည့်နေပြီ၊ ဘယ်သူကတော့ မှတ်ပုံတင်မလုပ်ရသေးဘူးဆိုတာကို ကြည့်ပြီး ရုံးကနေ သက်ဆိုင်တဲ့အိမ်တွေကို မှတ်ပုံတင်လာလုပ်ဖို့ စာပို့ပြီး လုပ်ပေးတဲ့စနစ်ပါ။

သန်းခေါင်စာရင်းတွေကလည်း ကောက်ရတော့မှာဖြစ်တဲ့အတွက် လိုအပ်တဲ့သူတွေကို မှတ်ပုံတင်လုပ်ပေးတဲ့သဘောပါ”” ဟု လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ပြောသည်။

Door to Door စနစ်ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခြင်းကို ဇန်န၀ါရီ ၁ ရက်မှစ၍ ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခုမှ တောင်ဥက္ကလာပ၊ စမ်းချောင်း၊

အင်းစိန်နှင့် ကော့မှူးမြို့နယ်တို့တွင် လုပ်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၂၀ ရက် မှစ၍ ကနဦးဆောင်ရွက်ခဲ့သည့် မြို့နယ်များတွင်သာမကဘဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၄၅ မြို့နယ်တွင် မှတ်ပုံတင်လုပ်ပေးရေးလုပ်ငန်းများ
ဆောင်ရွက်သွားမည်ဖြစ်သည်။

““မှတ်ပုံတင်လုပ်တဲ့အခါမှာ နိုင်ငံတော်အခွန် ၃၆ ကျပ်ကလွဲရင် တခြားဘာမှပေးစရာမလိုပါဘူး။

ဓာတ်ပုံရိုက်တာတို့ သွေးစစ်တာတို့ ပြင်ပစရိတ်လေးတွေကိုတော့ ပေးရမှာပေါ့။ မှတ်ပုံတင် လာလုပ်မယ်ဆိုရင် ငါးရက်အတွင်း အပြီးလုပ်ပေးသွားဖို့ စီစဉ်ထားတယ်”” ဟု ဦးကြည်လင်းက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်များ ပြုလုပ်ပေးခြင်းကို ၁၉၈၅ ခုနှစ်မှစ၍ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိအချိန်အထိ မှတ်ပုံတင်ပြုလုပ်ပြီးသူဦးရေ ၃၈ သိန်းကျော် ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။


7Day Daily