မြန်မာ့ရုပ်ရှင် ဆုတ်ယုတ်ခြင်းဟာ ဝမ်းစာမပြည့်တာကြောင့်ဟု မင်းထင်ကိုကိုကြီးဆို

ပို့စ်တင်ချိန် - 1/26/2014 07:59:00 PM


မြန်မာ့ရုပ်ရှင် နိမ့်ကျလာရခြင်းဟာ မြန်မာရုပ်ရှင်လောကသားတွေ ဖန်တီးမှုအတတ်ပညာနဲ့ အသိပညာပိုင်းမှာ ဝမ်းစာမပြည့်တာကြောင့်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇန်နဝါရီ ၂၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

သနပ်ခါး ရုပ်ရှင်ဇာတ်ကားကို စာနယ်ဇင်းပြသမိတ်ဆက်တဲ့ Press Show ကို Junction Maw Tin မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ မင်းထင်ကိုကိုကြီးက ကင်မရာနဲ့ စတူဒီယိုမရှိလို့ ရုပ်ရှင်အဆင့်အတန်း နိမ့်ကျတာ မဟုတ်ဘဲ ဒါတွေဟာ ဆင်ခြေတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာမိန်းကလေးတစ်ချို့ရဲ့ သနပ်ခါးကို မျက်ရည်နဲ့သွေးကြရတဲ့ဘဝတွေကို ထင်ဟပ်စေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်မပါတဲ့ အိမ်ထောင်ရေးကို အခြေခံရိုက်ကူးထားတဲ့ သနပ်ခါး ရုပ်ရှင်ဟာ သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားပြီး ဖလင်နဲ့ရိုက်တဲ့ ကားကြီးမဟုတ် တာကြောင့် နှမြောမိတယ်လို့ သရုပ်ဆောင် မင်းသားကြီး နေအောင်က ဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးတဲ့ သနပ်ခါးဇာတ်ကားမှာ နေအောင်၊ ရဲတိုက်၊ မေကဗျာနဲ့ ဝတ်မှုန်ရွှေရည်တို့ အဓိကသရုပ်ဆောင်ထားကြပြီး ဇန်နဝါရီ ၃၁ရက်ကစတင်ပြီး DVD ရုံတွေမှာ ပြသသွားမယ်လို့ ဆိုပါတယ်။

Kamayut Media