သေနတ်တစ်လက် နားကြပ်တစ်ဖက်နှင့်

ပို့စ်တင်ချိန် - 1/26/2014 08:28:00 AM


မြူနှင်းများ ရစ်သိုင်းနေသည့် တောင်ပေါ်ရွာလေး၏ နံနက်ခင်းတွင် ဝီစီမှုတ်သံများ ထွက်ပေါ်လာပြီးနောက် အသက် ၁၈ နှစ်အရွယ် ယုယုထွေးခေါ် ရှင်းရှင်းတစ်ယောက် စစ်ယူနီဖောင်းကို ဆွဲဆန့်လျက် ဦးထုပ်ကို ယူဆောင်းလိုက်သည်။ သူ့ကဲ့သို့ပင် စစ်ယူနီဖောင်း ဝတ်ထားသော အမျိုးသမီးအချို့ ရွာလယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဦးတည် သွားနေကြသည်။

ထိုမြင်ကွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့နယ် ဟိုမိန်းကျေးရွာတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ စစ်သမီးများ နံနက်စာ စားသောက်ရန်အတွက် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ကြခြင်း ဖြစ်သည်။

ရှင်းရှင်းသည် TNLA မှစေလွှတ်သော သူနာပြုသင်တန်းကို ရှစ်လကြာ သင်ကြားခဲ့ပြီးနောက် TNLA ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးရွာများတွင် တာဝန် ထမ်းဆောင်ခွင့် ရရန် စောင့်ဆိုင်းနေသူ ဖြစ်သည်။

TNLA သည် တအာင်း အမျိုးသမီးများကို ကေအိုင်အေ ထိန်းချုပ် နယ်မြေဖြစ်သော မိုင်ဂျာယန်ရှိ တပ်ရင်း (၁၆) တွင် အခြေခံ သူနာပြု သင်တန်းနှင့် ကျန်းမာရေးမှူး သင်တန်းတို့ကို ၂၀၁၃ ခုနှစ်မှ စတင်၍ စေလွှတ် သင်ကြားခဲ့သည်။

ရှင်းရှင်းသည် ဟိုမိန်းကျေးရွာသူဖြစ်ကာ မောင်နှမ မွေးချင်း လေးယောက်တွင် အငယ်ဆုံးဖြစ်ပြီး အဋ္ဌမတန်းထိသာ ပညာသင်ကြားခဲ့ရသူ ဖြစ်သည်။ ကျောင်းတက်စဉ် စာမေးပွဲ ဖြေဆိုချိန် ကျန်းမာရေး ချို့တဲ့သည့် အတွက် ကျောင်းဆက် မတက်တော့ကြောင်း သူက ပြောပြသည်။

သူသည် သူနာပြုသင်တန်းကို TNLA က အတင်းအကျပ် ခေါ်ယူတက်ခိုင်းခြင်း မဟုတ်ဘဲ ငယ်စဉ် ကတည်းက တောင်ပေါ်ဒေသတွင် ကိုယ်ဝန်ဆောင်များ ကျန်းမားရေး ဗဟုသုတ နည်းပါးခြင်းကြောင့် သေဆုံးခဲ့ရသည်များကို မျက်ဝါးထင်ထင် တွေ့မြင်ထားဖူးသဖြင့် ယင်းသင်တန်းကို တက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်းကိုလည်း ရင်ဖွင့် ပြောပြသည်။ “မသေသင့်ဘဲ သေတာမျိုး မဖြစ်စေချင်ဘူး” ဟုလည်း သူ၏ မျက်နှာမူရာ တောင်တန်းများကို ငေးမောကြည့်ရင်း လေသံတိုးတိုးဖြင့် ဆိုသည်။

မြို့ပေါ်ရှိ တအာင်းတိုင်းရင်းသူ များသည် လူမျိုးစု တိုးတက်ရေးအတွက် တအာင်း အမျိုးသား အစည်းအရုံး၊ တအာင်းလူငယ်များ အစည်းအရုံးတို့တွင် ပါဝင်လုပ်ဆောင်ကြသကဲ့သို့ ရှင်းရှင်း အပါအဝင် တောင်ပေါ်ဒေသ ကျေးရွာများရှိ တအာင်း တိုင်းရင်းသူများမှာ TNLA တွင် သူနာပြု၊ ကျန်းမာရေးမှူး စသည်ဖြင့် ဝင်ရောက် တာဝန် ထမ်းရွက်ကြခြင်း ဖြစ်သည်။ ထိုသို့ တာဝန် ထမ်းရွက်သော်လည်း TNLA အနေနှင့် ငွေကြေး အပါအဝင် အခြားသော ထောက်ပံ့မှု မျိုးကို လုပ်ဆောင် ပေးနိုင်ခြင်း မရှိသေးပေ။

သို့သော် ရှင်းရှင်းက “ ဒီလိုလုပ်ရတာကိုက ကိုယ့်လူမျိုး အတွက်ဆိုတော့ ကျေနပ်တယ်” ဟု ဂုဏ်ယူ သည့် လေသံဖြင့် ပြောပြသည်။
ရှင်းရှင်း အပါအဝင် တအာင်းအမျိုးသမီး ၆၀ ကျော်သည် ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၁၆) တွင် သူနာပြုသင်တန်းကို သွားရောက် သင်ယူခဲ့ရပြီး ၎င်းအနေနှင့် အိမ်နှင့် ဝေးကွာကာ သွားရောက် နေရသည့် အတွက် ကနဦးအစတွင် အားငယ်စိတ်များ ဖြစ်ခဲ့ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြန်လည် ပြောပြသည်။

TNLA သည် တအာင်း အမျိုးသမီး ၆၀ ကျော်ကို သူနာပြုနှင့် ကျန်းမာရေးမှူး သင်တန်းများ ဖွင့်လှစ်ကာ နယ်လှည့် ဆေးကုခြင်း၊ ကျန်းမာရေး ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်လျက် ရှိသည်။

TNLA ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးတာဘုန်းကျော်က “လောလောဆယ် ထောက်ပံ့မှုတွေ မလုပ်နိုင်သေးဘူး။ ကိုယ့်လူမျိုးအတွက် စေတနာ့ ဝန်ထမ်းအနေနဲ့ တာဝန် ထမ်းဆောင်ဖို့ စည်းရုံးရေး လုပ်ခဲ့ပါတယ်” ဟု ဆိုသည်။

TNLA က အမှတ်စဉ် (၁) အဖြစ် စေလွှတ်ခဲ့သော ရှင်းရှင်း အပါအဝင် သူနာပြုများသည် လက်တွေ့ နှစ်လ ဆင်းထားပြီး ကျေးရွာများတွင် တာဝန်ထမ်း ဆောင်ရန် Order (အမိန့်) စောင့်နေကြသည်။

တောင်ပေါ်ဒေသတွင် နေထိုင်သော တအာင်း (ပလောင်) လူမျိုးစုများသည် ကျန်းမာရေး ဗဟုသုတ နည်းပါးပြီး ဖျားနားခြင်း ဖြစ်ပါက ရိုးရာဆေးမြစ်များ စားသောက်ခြင်း၊ မိရိုးဖလာ မက်ခလောင်ဆွဲခြင်း စသည်ဖြင့်သာ ကုသကြသည်။ အချို့ ကိုယ်ဝန်ဆောင်များသည် ကျန်းမာရေး ဗဟုသုတ နည်းပါးသည့်အတွက် ကလေး မွေးဖွားရာတွင် ပုံမှန်မဟုတ်ဘဲ ခြေထောက်စတင် ထွက်ရှိခြင်း၊ ကလေးခန္ဓာကိုယ် တစ်စောင်း ဖြစ်နေ၍ မွေးမရခြင်း တို့ကြောင့် အသက် ဆုံးရှုံးခဲ့ရကြောင်း ဒေသခံတို့၏ အဆိုအရ သိရသည်။
“ဒီမှာက ကလေးမွေးရင် လက်သည်တွေနဲ့ မွေးကြတယ်။ တချို့ရွာတွေဆို အသက်ကြီးတဲ့ အဘွားကြီးတွေက မွေးပေးတယ်” ဟု အသက်၇၀ အရွယ် ဟိုမိန်းရွာသူ အဘွားတစ်ဦးက ၎င်းတို့၏ ဓလေ့ကို ပြောပြသည်။

တအာင်း (ပလောင်) ဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမားရေး ထိခိုက်လာကြပြီး အမျိုးသားလူငယ် အများစု စောစီးစွာ သေဆုံးရသကဲ့သို့ အိမ်ထောင်ရှင်အမျိုးသမီးများမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလာကြောင်း တအာင်းအမျိုးသမီး အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပေးသည်။

တအာင်း တောင်ပေါ်ဒေသသည် ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်မတော် ( P.S.L.A) ၏ ထိန်းချုပ် နယ်မြေ ဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် တပ်မတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထား သော်လည်း ၂၀၀၅ခုနှစ်တွင် လက်နက်ဖြုတ်သိမ်း ခံလိုက်ရသည်။

၂၀၀၉ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (P.S.L.F) ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA ) ကို ပြန်လည် ဖွဲ့စည်းကာ လက်ရှိအချိန်ထိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတွင်ပင် ရှင်းရှင်းတို့ကဲ့သို့ သူနာပြုများကို ဒေသတွင်း ကျန်းမာရေး ပြုစုနိုင်ရန်အတွက် သင်တန်းများ စတင် စေလွှတ်ခဲ့သည်။ ထိုသူနာပြုများသည် ဆေးပညာကို သာမက စစ်ရေး လေ့ကျင့်ခန်းများကို သင်ကြားကြရသူများ ဖြစ်သည်။ တစ်နည်းဆိုရသော် ဆေးထိုးအပ်နှင့် နားကြပ်ကို ကိုင်နိုင်သကဲ့သို့ သေနတ်ကိုလည်း ကိုင်နိုင်သူများ ဖြစ်သည်။

အသက် ၁၈ နှစ်အရွယ် သူနာပြုလေး ရှင်းရှင်းက သူ၏ ခံယူချက်ကို အောက်ပါအတိုင်း ပြောကြားလိုက်သည်။
“သူနာပြုဆိုပေမယ့် မရှိမဖြစ်တဲ့ အချိန်ဆိုရင် စစ်တိုက်မှာပါ”

Written by  မင်းထက်စံ
The Voice Weekly