တရုတ်တင်းနစ်မယ်လီနာ သြစတြေးလျအိုးပင်းတင်းနစ်ဖလားဆွတ်ခူး

ပို့စ်တင်ချိန် - 1/26/2014 09:30:00 PM



၂ဝ၁၄ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း တင်းနစ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတင်းနစ် အားကစားကွင်းကြီး၌ တရုတ်တင်းနစ် မယ်လီနာနှင့် ဆလိုဗက်ကီးယား တင်းနစ်မယ် ဆီဘူကိုဗာတို့ယှဉ်ပြိုင် ကစားခဲ့ရာ တရုတ်တင်းနစ်မယ် လီနာ က ဆီဘူကိုဗာအားအနိုင်ရရှိကာ သြစတြေးလျ အိုးပင်းတင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။

အမျိုးသမီးတင်းနစ်လောကတွင် အဆင့်(၄)ရှိ တရုတ်တင်းနစ်မယ် လီနာသည် ယင်းပွဲစဉ်တွင် ၇-၆၊ ၆-ဝ ဖြင့် ဆလိုဗက်ကီးယားတင်းနစ်မယ် ဆီဘူကိုဗာကိုအနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း
ဖြစ်ပြီး လီနာသည် ၂ဝ၁၁ ခုနှစ်က ပြင်သစ်အိုးပင်းတင်းနစ်ဖလား ရရှိခဲ့ပြီး နောက် ယခုတစ်ကြိမ်သည် လီနာအတွက် ဒုတိယမြောက်ရရှိခဲ့သည့် တင်းနစ် ဖလားလည်း ဖြစ်လာခဲ့ရသည်။

ယခု သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲသည် ဆလိုဗက်ကီးယားတင်းနစ် မယ် ဆီဘူကိုဗာအတွက် ပထမဆုံးအကြိမ်အဖြစ် ဂရင်းဆလင်းချန်ပီယံဆု ရရေး နောက်ဆုံးဗိုလ်လုပွဲဖြစ်သည်။ ၂ဝ၁၄ သြစတြေးလျတင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးပွဲစဉ်များတွင် နာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ဆရီနာဝီလျံ၊ ရှာရာ ပိုဗာနှင့် ဗစ်တိုးရီးယားအဇာရန်ကာတို့သည် ပြိုင်ဘက်အသီးသီးကို ရှုံးနိမ့်ခဲ့ပြီး တရုတ်တင်းနစ်မယ် လီနာကမူ ယခုနှစ်သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် တိကျသေချာသော ရိုက်ချက်များဖြင့် အကောင်းဆုံးကစားခဲ့ကာ ယခုကဲ့သို့သြစတြေးလျအိုးပင်းတင်းနစ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်လင်းကြည်

The Mirror Daily