အမြန်ချောပို့ ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီ(၄)ခု လုပ်ကိုင်ခွင့်ရရှိ

ပို့စ်တင်ချိန် - 1/04/2014 01:30:00 AM

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း အမြန်ချောစာပို့ ဝန်ဆောင်မှု လုပ်ငန်းများအား လုပ်ကိုင်ရန် တင်ဒါများ ခေါ်ယူခဲ့ရာ UCS အပါအဝင် ကုမ္ပဏီ(၄)ခုမှ (၃)နှစ်စာ လုပ်ကိုင်ခွင့် ရရှိသွားသည်ဟု သိရသည်။ ယင်းကုမ္ပဏီများမှာ UCS- United COURIER SERVICES (UCS), MGL, Royal company နှင့် SBS အမြန်ချောပို့ ကုမ္ပဏီများဟု သိရသည်။ အစိုးရကသာ လုပ်ကိုင်ခွင့်ရှိသည့် အမြန်ချောပို့ လုပ်ငန်းအား ယခုအခါ တစ်နှစ်လျှင် သိန်း ၆၀၀ ကျပ်ဖြင့် (၃)နှစ်စာ လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်သည်ဟု သိရသည်။ မှတ်ပုံတင်ခ သိန်း ၆၀၀ ကျပ်ကို တစ်နှစ်တစ်ကြိမ် ပေးသွင်းရမည်ဖြစ်သည်။ UCS နှင့် MGL အမြန်ချောပို့ လုပ်ငန်းတို့မှာ ဒုတိယအကြိမ် ဆက်လက် လုပ်ကိုင်ခွင့်ရရှိခြင်း ဖြစ်ပြီး Royal နှင့် SBS ကုမ္ပဏီများမှာ ယခုနှစ်မှ ပါဝင်လာခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ(၄)ခုမှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ တရားဝင် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။ ယခုလို တရားဝင် အမြန်ချောပို့ စနစ်တွေ ယမန်နှစ်တွေထက် များလာသောကြောင့် ရွေးချယ်ခွင့်များ ပိုမိုလာပြီး ဝန်ဆောင်မှုများ တိုးတက်လာသောကြောင့် များစွာအဆင်ပြေကြောင်း ယုံကြည်စိတ်ချရသည့် တရားဝင်ခွင့်ပြုချက်အရ အမြန်ချောပို့များကိုသာ အသုံးပြုလာကြကြောင်း သိရသည်။ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်တွင်းအမြန်ချောပို့ အပါအဝင် တရားဝင် ပြည်တွင်း အမြန်ချောပို့လုပ်ငန်း စုစုပေါင်း(၅)ခု ရှိနေပြီဖြစ်သည်ဟု (UCS) မှ ဒါရိုက်တာ ဦးဝင်းဆန်းထွေးက ပြောသည်။ ပုဂ္ဂလိက အမြန်ချောပို့ ဝန်ဆောင်မှု လုပ်ငန်းများအား တရားဝင် လုပ်ကိုင်ခွင့်ရှိကာ ဝန်ေ်ဆာင်မှုပေးလျက်ရှိသော UCS- United COURIER SERVICES (UCS) သည် တောင်ကြီးမြို့၊ မော်လမြိုင်မြို့နှင့် ပုသိမ်မြို့များကို တိုးချဲ့ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ UCS ကုမ္ပဏီအနေဖြင့် ပြည်တွင်းအမြန်ချောပို့ လုပ်ငန်းများကို ရန်ကုန်၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး၊ ပြည်၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မြိတ်နှင့် ဘားအံ၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့နှင့် ပုသိမ်မြို့များ အပါအဝင် မြို့ကြီး (၁၅)မြို့သို့ အင်တာနက် စာထုတ်ခြေရာခံစနစ် (Tracking System) စနစ်အား အသုံးပြု၍ စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်းနမူနာများ၊ လက်ဆောင်ပစ္စည်းများနှင့် ကိုယ်ရေးကိုယ်တာ အသုံးအဆောင်ပစ္စည်းများ၊ ကျောင်းဝင်ခွင့်၊ အလုပ်ဝင်ခွင့် ပုံစံများ၊ ဌာနဆိုင်ရာ ချောစာများကို ယနေ့ပို့ နောက်နေ့ရောက်စနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်တွင်း အမြန်ချောပို့လုပ်ငန်းတွင် ရန်ကုန်-နေပြည်တော်သို့ စာ၊ ချောပစ္စည်း ပို့မည်ဆိုပါက စာတစ်စောင် (သို့) ချောပစ္စည်းတစ်ပေါင် (၅၀၀)ဂရမ်လျှင် ငွေကျပ် ၂၅၀၀ သာ ကျသင့်မည်ဖြစ်ပြီး စာထုတ်လက်ခံသူအား ဖုန်းဖြင့် အကြောင်းကြားပေးခြင်းစနစ် အင်တာနက် စာထုတ်ခြေရာခံစနစ်၊ အိမ်/ရုံးအရောက် ယူဆောင်ပို့ပေးသော စနစ်များ ပါဝင်မည်ဖြစ်သည်။ အသုံးပြုသူများအနေနှင့် အဝေးပြေးဂိတ်များသို့ သွားစရာ မလိုတော့ဘဲ ဖုန်းဖြင့်အိမ်မှနေပြီး ခေါ်ယူပါက လာရောက်ဝန်ဆောင်မှု ပေးသောကြောင့် အချိန်/လူ သက်သာသော စနစ်ဖြစ်သည်။ အဆိုပါ အမြန်ချောပို့ လုပ်ငန်းကို နေ့စဉ် နံနက် ၈း၃၀ နာရီမှ ညနေ ၄း၃၀ နာရီအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မကွေး စာတိုက်ကြီးများနှင့် UCS ရုံးခွဲရှိရာ စာတိုက်ကြီးများတွင်လည်း ဝန်ဆောင်မှုပေးလျက် ရှိသည်။ အဆိုပါ အမြန်ချော စာပို့အား ဆက်သွယ်လိုပါက ဖုန်းနံပါတ်-၀၉-၇၃၀၇၃၀၉၉ နှင့် ၀၁-၆၅၂၅၂၂၊ www.ucscl.com နှင့် အမှတ်(၇၇)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်သို့လည်း ဆက်သွယ်နိုင်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

khit lu nge