X-Factorနှင့် ပေါင် (၃)သန်းတန် စာချုပ်ကို နစ်ကိုးလ် လက်မှတ်ရေးထိုးဖွယ်ရှိ

ပို့စ်တင်ချိန် - 1/04/2014 08:45:00 AM



အကယ်၍ ယင်းစာချုပ်သာ အမှန်တကယ် လက်မှတ်ရေးထိုးဖြစ်ပါက Pussycat Dolls အဖွဲ့ဝင်ဟောင်း အဆိုတော်သည် X-Factor၏ သမိုင်းတစ်လျှောက် စံချိန်တင် စာချုပ်ခံစားခွင့် ရရှိသော ဒိုင်လူကြီး ဖြစ်လာမည်


X-Factor အစီအစဉ်တွင် တစ်ကျော့ပြန် ပါဝင်ရန်အတွက် နစ်ကိုးလ်ရှာဇင်ဂါ အနေဖြင့် ပေါင်စတာလင် (၃)သန်းတန် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖွယ် ရှိနေကြောင်း သိရှိရသည်။ အကယ်၍ ယင်းစာချုပ်သာ အမှန်တကယ် လက်မှတ်ရေးထိုးဖြစ်ပါက Pussycat Dolls အဖွဲ့ဝင်ဟောင်း အဆိုတော်သည် X-Factor၏ သမိုင်းတစ်လျှောက် စံချိန်တင် စာချုပ်ခံစားခွင့် ရရှိသော ဒိုင်လူကြီး ဖြစ်လာမည်ဟု သိရှိရသည်။ Sony Entertainmentနှင့် ပူးပေါင်းကာ တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ် ထုတ်ဝေရန် စီစဉ်နေသည့် နစ်ကိုးလ်သည် သီးခြား ရုပ်မြင်သံကြား အစီအစဉ် တစ်ခုမှတစ်ဆင့် ဒေါ်လာ သန်းပေါင်း အတော်များများ ရရှိလာနိုင်ကြောင်း နီးစပ်သူများက The Sunသို့ မှတ်ချက်ပြု ပြောကြားခဲ့ကြသည်။

"ဒီနှစ် X-Factorမှာတော့ နစ်ကိုးလ်ဟာ လူကြိုက်အများဆုံး ဖြစ်ခဲ့တယ်။ တကယ်တမ်းသာ ခုစာချုပ်ကို လက်မှတ်ရေးထိုးဖြစ်ရင် အစီအစဉ်ရဲ့ တကယ့်အောင်နိုင်သူ အစစ်က နစ်ကိုးလ်ပဲ ဖြစ်လာပါလိမ့်မယ်"ဟု သူမ၏ မိတ်ဆွေတစ်ဦးက သုံးသပ်ခဲ့သည်။ နစ်ကိုးလ်၏ မိတ်ဆွေတစ်ဦးကလည်း "သူဟာ Sonyနဲ့ စာချုပ်လက်မှတ် ရေးထိုးဖို့ ပြင်နေပါပြီ။ ဒါကြောင့် ဂီတဘဝထဲ ပြန်ဝင်ဖို့ကိုလည်း မစောင့်နိုင်အောင် တက်ကြွနေတယ်။ X-Factorကတော့ နောက်ထပ် အမှီပြုစရာ အခြေအနေ တစ်ရပ်သာ ဖြစ်ပါလိမ့်မယ်"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ အသက်(၃၅)နှစ်ရှိ နစ်ကိုးလ်သည် ဖက်ရှင်အမှတ်တံဆိပ် Missguided and Herbal Essences အတွက်လည်း ဒေါ်လာ သန်းပေါင်း အတော်များများ တန်ကြေးရှိသည့် စပွန်ဆာ စာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။

Planet Myanmar Network