ယာဉ် စည်းကမ်းထိန်းသိမ်းခြင်းမှ ၂၀၁၃ခုနှစ်အတွက် နိုင်ငံတော်ဘဏ္ဍာ ဆယ့်နှစ်သိန်းနီးပါးရရှိ

ပို့စ်တင်ချိန် - 1/04/2014 12:45:00 AM

အောင်လံ၊ ဇန်န၀ါရီ ၃။

၂၀၁၃ခုနှစ်အတွင်း အောင်လံတစ်မြို့နယ်လုံး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်ခြင်း အတွက်   သတ်မှတ်ချက်များနှင့် မညီညွတ်သော မော်တော်ယာဉ်၊ ဆိုင်ကယ်ယာဉ်များအား အရေးယူခြင်း ဆောင်ရွက်ခဲ့ ရာမှ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ငွေကျပ်တစ်ဆယ့်တစ်သိန်းခုနှစ်သောင်း လေးထောင်ကျပ် ရရှိခဲ့ကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရှိရသည်။

“ ဆိုင်ကယ်ဆိုရင်များသောအားဖြင့်ဦးထုတ်ပေါ့၊ နောက် မောင်းလိုင်စင်  ကားတွေဆိုလည်း လိုင်စင် ၊တန်ပို  စသဖြင့်ပေါ့ ယာဉ် စည်းကမ်းအရအရေးယူမှုပေါင်း ၇၈၅ မှုရှိခဲ့တာပါ၊ “ ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအပြင် လိုင်စင်မဲ့ ထော်လာဂျီယာဉ်နှစ်စီးနှင့် ဆိုင်ကယ်(၁၈)စီး ကိုလည်း ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ ကြောင်းလည်း ၎င်း၏ပြောပြချက်အရ သိရသည်။

“ တကယ့်ကို ဥပဒေ လိုက်နာမှုကအားနည်းနေတယ် ။  ခုခေတ်က ဆိုင်ကယ်ဆိုရင်လည်း ပေါလာတယ် အဲတော့  ဆိုင်ကယ်စီးရင် ဦးထုပ်ကလေးတော့ ဆောင်းသင့်တာပေါ့၊ဥပဒေက တင်းကျပ်တာမဟုတ်ပါဘူး ပြည်သူတွေ အသက်အန္တရယ်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ကြပ်မတ်ဆောင်ရွက်ပေးတဲ့သဘောပါ” ဟုအောင်လံမြို့နယ်ရဲတပ်ဖွဲ့မှုး ကပြောပါသည်။

ထို့အပြင် ဆိုင်ကယ် စီးနင်းနေပြီး ယာဉ်မောင်းလိုင်စင် မရှိကြခြင်းကိုလည်း များစွာတွေ့နေရကြောင်းလည်း ၎င်းကပင်ပြောသည်။

ထို့ကြောင့် စာသင်ကျောင်းများ၊ ရုံးဌာနများတွင် ယာဉ်အန္တရာယ်အသိပညာပေးခြင်းများ ကိုလည်း အခါအားလျှော်စွာပြုလုပ်ပေးနေကြောင်းလည်း ပြောသည်။



လင်းသက်နိုင်

 The Myanma Age