မသန်စွမ်းအားကစားပြိုင်ပွဲ လက်မှတ်များ ပြိုင်ပွဲမစမီ သုံးရက်အလိုတွင် ရောင်းချမည်

ပို့စ်တင်ချိန် - 1/04/2014 11:15:00 PM


မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲကဲ့သို့ တင်ဆက်မှုအချို့ ပါဝင်မည် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
(၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲလက်မှတ်များကို ဇန်န၀ါရီ ၁၁ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အထူးတန်း ကျပ် ၅၀၀၀ နှင့် ရိုးရိုးတန်း ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်တွင် ကျင်းပမည့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲအခမ်းအနားကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက်ကြည့်ရှုမည့် ပရိသတ်များအတွက် လက်မှတ်အစောင်ရေ ရှစ်ထောင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““အထူးတန်းထိုင်ခုံ လေးထောင်နဲ့ ရိုးရိုးတန်းလေးထောင်အတွက် လက်မှတ်ကို ၀ဏ္ဏသိဒ္ဓိအားကစားရုံတွေမှာ ရောင်းပေးသွားမှာပါ””ဟု မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်မြင်ထွန်းက ပြောသည်။
မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆီးဂိမ်းနည်းတူ ကမ္ဘာ့အဆင့်မီဖွင့်ပွဲအဖြစ် ကျင်းပနိုင်ရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲတွင် ပါဝင်ကပြခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအနက် နှစ်ထောင်ကျော်ကို မသန်စွမ်းအားကစားပြိုင်ပွဲ၊ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ပါဝင်ကပြစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
““ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲမှာ ကပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော်ကို မသန်စွမ်းအားကစားဖွင့်ပွဲမှာ ပါဝင်ကပြစေမှာပါ။ မသန်စွမ်းတွေလည်း ဖွင့်ပွဲ၊ ပိတ်ပွဲမှာ ပါဝင်ကပြနိုင်စေဖို့ လေ့ကျင့်ပေးထားပါတယ်””ဟု ဦးအောင်မြင်ထွန်းက ဆက်ပြောသည်။
မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကို နေပြည်တော်ရှိ ပရိသတ်သုံးသောင်းဆံ့ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားရှိ မသန်စွမ်းအားကစားအဖွဲ့ ၁၂ ဖွဲ့ အတွက် လက်မှတ်အစောင်ရေ ၉၆၀ ခန့် ချန်ထားပေးထားကြောင်း၊ ပြိုင်ပွဲနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲများ လာရောက်ကြည့်ရှုနိုင်ရန် သယ်ယူပို့ဆောင်ရေးကို ၀န်ကြီးဌာနက စီစဉ်ပေးထားကြောင်း သတင်းရရှိသည်။
အဆိုပါ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် တွင် ကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲကို ဇန်န၀ါရီ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ကစားနည်း ၁၂ မျိုး ပါဝင်မည်ဖြစ်ပြီး အိမ်ရှင် မြန်မာနှင့် ထိုင်းနိုင်ငံတို့သာ ပြိုင်ပွဲအမျိုးအစားအားလုံး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7 Day Daily