မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် NLD ပါတီဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ရှင်းလင်း

ပို့စ်တင်ချိန် - 1/04/2014 02:20:00 PM



မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် NLD ပါတီဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပြောကြားမှုကို News & Information of NLD Facebook စာမျက်နှာတွင် “မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိဆိုတာ လုံးဝမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်ငြင်းဆို” ဟူသော ခေါင်းစဉ်ဖြင့် ဇန်န၀ါရီ ၃ ရက်က ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ ဖော်ပြထားမှုတွင် “မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်မလုပ်သင့်နှင့် ပတ်သက်၍ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိ” ဟု ဒီဇင်ဘာ ၃ ရက် သောကြာနေ့ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံးတွင် စာလုံးမည်းကြီးဖြင့် ဖော်ပြထားတာ တွေ့ရှိရပါတယ်။

ဒါဟာလုံးဝမမှန်ဘဲ တစ်ဖက်သတ်စွပ်စွဲတာ ဖြစ်ပါတယ်။

ဒီမြစ်ဆုံစီမံကိန်းကို ယခင်အစိုးရက သဘောတူခဲ့ပြီး စာချုပ်ချုပ်ခဲ့ပါတယ်။ ဘာတွေသဘောတူခဲ့သလဲ၊ ကတိက၀တ်တွေ ဘယ်လိုရှိသလဲ။ ပဋိညာဉ် စာချုပ်ထဲမှာ ဘာတွေပါသလဲ။ ခက်ခဲနက်နဲမှု ဘယ်လောက်ရှိသလဲ။ ဘာဆိုဘာမှ မသိရပါ။ ဘာမှန်းလည်းမသိ ညာမှန်းလည်းမသိဘဲ ကိစ္စကို စကားတည်သူအဖို့ ဘယ်လိုမှ ပြီးလွယ်စီးလွယ် မပြောနိုင်ပါ။

ဒီမြစ်ဆုံ contract ထဲမှာ ဘာပါလဲဆိုတာ ပထမကြည့်မယ်။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ကတိက၀တ်တွေကို ပြည်သူကပဲ ခံရမှာ။ အသေးစိတ်အချက် အလက်တွေကို မသိဘဲနဲ့ မှတ်ချက်မချချင်ကြောင်း တို့ကိုလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် အနေနဲ့ “ဆိုခဲစေမြဲစေ” ဆိုတဲ့အတိုင်း တည်ကြည်စွာပြောကြားခြင်း ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ သဘောထားက ရှင်းလင်းပြတ်သားပါတယ်။ contract ကို လေ့လာမယ်။ စီမံကိန်းကို ပြန်လည်သုံးသပ်မယ်။ ညှိနှိုင်းဆွေးနွေးမယ်။ ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ အသိပေးမယ်။ အမျိုးသားရေးနှင့် နိုင်ငံတကာ သယံဇာတဖြစ်ရေးကို ရှေးရှုမယ်။ ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မယ့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေမယ်လို့ ယတိပြတ် ပြောထားပါတယ်။ ဒီထက်လေးနက်တဲ့အဖြေ မရှိနိုင်ပါ။ ဒီထက်တိကျတဲ့ စကားလည်း မရှိပါ။

၂၀၁၅ ရွေးကောက်ပွဲတောင် မကျင်းပရသေး။ NLD ကလည်း အစိုးရအဖွဲ့ မဖြစ်သေးဘဲ လက်ရှိအခြေအနေနဲ့ အချိန်အခါမှာ ဒီထက်ပြတ်သားအောင် ဘယ်လိုပြောဖို့ လိုအပ်ပါသလဲ။ “စစ်မရောက်ခင် မြားကုန်” ရတော့မလို ဖြစ်မနေဘူးလား ဆိုတာကို အထူးသတိပြုရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က လွှတ်တော်ကို သ၀ဏ်လွှာပေးပို့ပြီး “မိမိတို့အစိုးရ လက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” လို့ ပြောဆိုခဲ့ခြင်းဟာ ပြတ်သားတဲ့ သဘောထားလား။ ယခင်အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့သူ တစ်ဦးအနေနဲ့ တာဝန်မယူသင့်ဘူးလား။ ကိုယ့်တာဝန်ကိုယ်မယူဘဲ နောင်တက်လာမယ့် အစိုးရအပေါ် ပုံချခဲ့သင့်သလား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၅ မှာပါရှိတဲ့ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်” ဆိုတာကို မသိချင်ဟန်ဆောင်နေသလား။ လားပေါင်းများစွာကို စေ့စေ့တွေးကြည့်က ရေးရေးပေါ်လာ ပါလိမ့်မယ်။

အဲဒါတွေကျတော့ “မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်” ဟု သဘောထားမှတ်ချက် ပေးသင့်ပါသလား။ “ရပ်ဆိုင်း” တာဟာ “ပယ်ဖျက်” တာမဟုတ်။ “ဖျက်သိမ်း” တာမဟုတ်။ အပြီးအပြတ်သဘောမရှိ။ မပြီးမပြတ် ပြောထားတာကိုကျတော့ ပြတ်သားတယ်တဲ့လား ဥာဏ်အမြော်အမြင် ရှိသူများ စဉ်းစားကြစေ လိုပါတယ်” ဟူ၍ ဖော်ပြထားပါသည်။

ယခုဖော်ပြချက်တွင် NLD ပါတီနှင့် ပါတီဥက္ကဋ္ဌတို့ အနေဖြင့် မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းလိုခြင်း ရှိမရှိနှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။
eleven media group