ပန်းလှိုင်မြစ်ဘေး ကျုးကျော်တဲများဖယ်ရှားမှု အာဏာပိုင်များ အင်အားတိုးချဲ့ပြီ

ပို့စ်တင်ချိန် - 1/18/2014 11:15:00 PM


တွံတေးမြို့နယ် ပန်းလှိုင်တံတားတဝိုက် သောင်ထွန်းနေတဲ့ မြေနုကျွန်းတွေပေါ်က ကျုးကျော်တဲပေါင်း ၇ထောင်ကျော်ကို ရဲနဲ့စည်ပင်ဝန်ထမ်း အင်အား ၁ဝဝကျော်က စတင်ဖျက်စီးပြီးနောက်တစ်ရက် ဇန်နဝါရီ ၁၅ရက်နေ့မှာ ဝန်ထမ်းအင်အားကို ၅ဝဝအထိ တိုးမြှင့်ပြီး ဖယ်ရှားခဲ့ပါတယ်။

လှိုင်သာယာမှာ အိမ်ငှားနေရတဲ့ အခက်အခဲဖြစ်နေတဲ့ ဒေါ်မြင့်ထွေးက ပန်းလှိုင်မြစ်နံဘေး အိုးအိမ်မဲ့သူတွေ ယာယီနေထိုင်ခွင့်ပေးတယ်ကြားပြီး ပြောင်းရွှေ့နေတာ ရက်ပိုင်းပဲရှိသေးပြီး အခုတော့ သူပုန်ဝင်စီးသလိုမျိုး ဖျက်စီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ကျုးကျော်တဲတွေ ဖယ်ရှားပေးဖို့ တစ်ပတ်လောက်သာ ကြိုတင်အကြောင်းကြားခဲ့မယ်ဆိုရင် ကိုယ်ပိုင်ပစ္စည်းလေးတွေ ထုပ်ပိုးသိမ်းဆည်းနိုင်မှာဖြစ်ပေမယ့် အခုတော့ အိမ်အသုံးအဆောင်ပစ္စည်းတွေအားလုံး မရှိတော့သလို ကျုးကျော်ဆောက်ဖို့ ချေးထားတဲ့ငွေပါ အကြွေးတင်ရပြီလို့ မအေးဝင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆီးဂိမ်းစတင်ချိန်မှာ လှိုင်သာယာက ကျုးကျော်တွေက စတင်ဖယ်ရှားခိုင်းခဲ့လို့ ပန်းလှိုင်မြစ်ရဲ့ တွံတေးဘက်အခြမ်း တံတားအောက်မှာ ကျုးကျော်တဲပေါင်း ထောင်နဲ့ချီ အလျှိုလျှိုပေါ်လာခဲ့ပါတယ်။ ကျုးကျော်အများစုဟာ ဧရာဝတီတိုင်း ဒေသခံတွေဖြစ်ပြီး နာဂစ်အပြီး ရန်ကုန်ကို ပြောင်းရွှေ့လာကြတဲ့ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်သူတွေဖြစ်ပါတယ်။
Kamayut Media