လိုင်စင်မရှိဘဲ ယာဉ်မောင်းပါက ယာဉ်ပိုင်ရှင်ကိုပါ အရေးယူမည်

ပို့စ်တင်ချိန် - 1/25/2014 11:39:00 AM


ရန်ကုန်၊ ဇန်နဝါရီ ၂၄

မော်တော်ယာဉ်သစ်များ တင်သွင်းလာပြီးနောက်ပိုင်း လိုင်စင်မရှိဘဲ ယာဉ်မောင်းသူများ ပိုမိုများပြားလာသဖြင့် လိုင်စင်မဲ့ ယာဉ်မောင်းအပြင် ယာဉ်ပိုင်ရှင်ကိုပါ ထောင်ဒဏ် တစ်နှစ်အထိ အပြစ်ပေးနိုင်သည့် မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တားဆီးစစ်ဆေးရင် လိုင်စင်မေ့လာလို့ဆိုပြီး အကြောင်းပြကြတာတွေ ရှိတယ်။ အဲလိုဆိုရင် ချလန်မှာ သူကျုးလွန်တဲ့ ပြစ်မှုအပြင် လိုင်စင်မရှိနဲ့ အမှုတွဲ ဖွင့်လိုက်တယ်။ ဒဏ်ကြေးလာဆောင်လို့ လိုင်စင်မပြနိုင်ရင် ယာဉ်မောင်းကိုရော ယာဉ်ပိုင်ရှင်ကိုပါ တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်တဲ့ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေ ၂၁ အရအရေးယူမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

ယခုနောက်ပိုင်း လမ်းမပေါ်တွင် ကျွမ်းကျင်မှု မရှိသည့် ယာဉ်မောင်းများနှင့် ယာဉ်မောင်းလိုင်စင် မရှိသူများ ယာဉ်မောင်းနှင် နေသည်ကို တွေ့လာ ရကြောင်း၊ အထူးသဖြင့် ကိုယ်ပိုင်ယာဉ်များ၊ ရုံးတက် ရုံးဆင်းချိန်တွင် ခရီးသည်တင် ယာဉ်လိုင်း ဝင်ရောက် ပြေးဆွဲနေသည့် ဘီအမ်ယာဉ်များနှင့် အခြားယာဉ် (ကြားကား) များတွင် အများဆုံး တွေ့ရှိရကြောင်း ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံး (၂၂) မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လိုင်စင်ရရှိပြီး ယာဉ်မောင်း ကျွမ်းကျင်မှု မရှိသူများကို တွေ့ရှိနေရသောကြောင့် လိုင်စင်မရှိဘဲ ယာဉ်ကို မောင်းနှင်ပါက ပို၍အန္တရာယ် များကြောင်း၊ ခရီးသည် တင်ဘီအမ်ယာဉ်များကို ယာဉ်ထိန်းရဲများ စစ်ဆေးသည့်အခါ အချို့မှာ ယာဉ်မောင်း လိုင်စင် ပြသနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊ ည ၈ နာရီ နောက်ပိုင်းအချိန် မောင်းနှင်သည့် ခရီးသည်တင်ယာဉ် အချို့မှာ လမ်းခုလတ်မှတ်တိုင်၌ ယာဉ်နောက်လိုက်များကို အမောင်းသင် မောင်းခိုင်းမှုများ ရှိနေကြောင်း တောင်ဥက္ကလာပမြို့နယ် မြင်သာ ဈေးမှတ်တိုင်တွင် နေထိုင်သူ အသက် ၂၂ နှစ်အရွယ် ခရီးသည် အမျိုးသမီးက ဆိုသည်။

The Voice Weekly