အမှိုက်မှ လျှပ်စစ်ထုတ်မည့် ကိုရီးယားကုမ္ပဏီ ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည်

ပို့စ်တင်ချိန် - 1/25/2014 09:00:00 PM


25.1.2014

စွန့်ပစ်အမှိုက်မှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန် လုပ်ဆောင်နေသည့် ကိုရီးယားနိုင်ငံ အခြေစိုက် Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းဝင်းက ပြောကြားသည်။

ယင်းကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင် အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်ဆယ် ထုတ်လုပ်မည် ဖြစ်ပြီး ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည် ဖြစ်သည်ဟု ဦးထွန်းလင်းက ပြောကြားသည်။

ယင်းသို့ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လုပ်ဆောင်မှုကြောင့် အသုံးမဝင်ဘဲ စွန့်ပစ်ထားသည့် အမှိုက်များ ပပျောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းဝင်းက ဆိုသည်။

Chasson International Korean ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် လုပ်ငန်း၏ ကနဦး ဆောင်ရွက်ချက်အဖြစ် ထိန်ပင် အမှိုက်ပုံတွင် ကွင်းဆင်း သုတေသနပြုချက်များ လုပ်ဆောင်လျက် ရှိကြောင်း၊ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ရာတွင် နိုင်ငံတကာ၌ အမှိုက်အသစ်များကိုသာ သုံးစွဲလေ့ ရှိသော်လည်း အဆိုပါ ကုမ္ပဏီသည် စွန့်ပစ် အမှိုက်အဟောင်းများကိုပါ သုံးစွဲမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းကို ထိန်ပင်အမှိုက်ပုံရှိ မြေဧက ၁၅၀ ပေါ်တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ဘီအိုတီ (Build-Operate-Transfer) စနစ်ဖြင့် သုံးနှစ်ကြာ လုပ်ကိုင်ခွင့် ရရှိပြီးလာမည့် ၂၀၁၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ ရောင်းချရမည် ဖြစ်ပြီး YCDC က ပြည်သူများထံ ပြန်လည် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီက YCDC သို့ရောင်းချမည့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်တန်ဖိုးနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

ထိန်ပင် အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံ ဖြစ်ပြီး နေ့စဉ် အမှိုက် ၈၄၇ တန် ဝန်းကျင်ကို စွန့်ပစ်လျက် ရှိကြောင်းနှင့် ယင်းအမှိုက်ပမာဏသည် ရန်ကုန်မြို့မှ ထွက်ရှိသော စွန့်ပစ်အမှိုက် စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင်စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေးအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တင်ဒါခေါ်ပြီးနောက် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Chasson International Korea နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခွင့်ကို Zaya and Association နှင့် ဟွန်ဒိုင်းရိုတန် ကုမ္ပဏီတို့က ရရှိခဲ့သည်။

The Voice Weekly