နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူကြမ်း တိုင်းရင်းသား လက်နက်ကိုင်များ အတည်ပြု လက်မှတ်ထိုးမည်

ပို့စ်တင်ချိန် - 1/25/2014 01:47:00 PM


လေးဝါး၊ ဇန်နဝါရီ ၂၄

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဓိက အဖြေတစ်ခုဟု ပြောဆိုထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းသစ်ကို ကရင်ပြည်နယ် လော်ခီးလာ (စခန်းသာ) ညီလာခံက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အတည်ပြုလိုက်ပြီး ယနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) တွင် လက်မှတ်ထိုးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်၍ KNU ထိန်းချုပ်နယ်မြေ လေးဝါး စခန်းတွင် ပြုလုပ်နေသည့် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီးလာ) ပဉ္စမနေ့တွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောဆိုသည်။
“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (Nationwide Ceasefire Accore – NCA) ကို ညီလာခံက အတည်ပြုလိုက်ပါပြီ။ မနက်ဖြန်မှာ သဘောတူညီချက်ကို ညီလာခံ ကိုယ်စားလှယ်တွေ လက်မှတ်ထိုးကြမယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ အတည်ပြုသည့် NCA မူကြမ်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် တွင် ပြလုပ်ရန် လျာထားသည့် ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ဦးစွာညှိနှိုင်းမည် ဖြစ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အများစု သဘောတူထားသည့် အပစ်ရပ် မူကြမ်းကို အစိုးရနှင့် ကနဦး ညှိနှိုင်းပြီးမှသာ ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အပြီးသတ် စာချုပ်ချုပ်ဆိုရန်မှာမူ အချိန်ထပ်မံ ကြာမြင့်ဦးမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဘားအံ ဆွေးနွေးပွဲမှာတော့ လေ့လာသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးခွန်ထွန်းဦးကိုပါ ဖိတ်ကြားဖို့ ညီလာခံက ဆုံးဖြတ်ပါတယ်” ဟု နိုင်ဟံသာက ဆိုသည်။

နိုင်ငံလုံးချီ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုရာတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့အထိ ပါဝင်ရန် လျာထားကြောင်း၊ အခြားထပ်တိုး အဖွဲ့များအတွက် ထပ်မံဆုံးဖြတ် သွားမည် ဖြစ်ကြောင်း နော်စီဖိုးရာစိန်က ပြောဆိုသည်။

အပစ်အခတ် ရပ်စဲရေးမှသည် နိုင်ငံရေး ဆွေးနွေးပွဲများဆီသို့ သွားရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဒုတိယအကြိမ် ထိပ်သီးညီလာခံကို KNU နယ်မြေ လေးဝါးစခန်းတွင် သုံးရက်ကြာ ပြုလုပ်ရန် လျာထားခဲ့သော်လည်း အပြီးသတ် ဆွေးနွေးစရာ များကြောင့် ညီလာခံ ကျင်းပချိန်ကို ခြောက်ရက်အထိ တိုးမြှင့်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှသာ ပြီးဆုံးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုသည်။

The Voice Weekly Myanmar