နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် အကူအညီလိုကြောင်း ယူကရိန်း အတိုက်အခံ ပြော

ပို့စ်တင်ချိန် - 1/25/2014 04:18:00 PM


ယူကရိန်းအတိုက်အခံတွေဟာ ဖြစ်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ အနောက်နိုင်ငံတွေရဲ့ အကူအညီလိုမယ်လို့ အီးယူအဖွဲ့နိုင်ငံ တိုးချဲ့ရေးကော်မရှင်နာ စတယ်ဖဲန် ဖူးလ်နဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။ စတယ်ဖဲန် ဖူးလ် ဟာ ယူကရိန်းသမ္မတ ရနိုကိုဗစ်နဲ့လည်း အစောပိုင်းက တွေ့ဆုံခဲ့ပါသေးတယ်။

အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ ရပ်ဆဲန်ရခ် က အနောက်နိုင်ငံတွေရဲ့ ကြားဝင် ဖျန်ဖြေမှု မပါပဲနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကနေ ထွက်နိုင်ဖို့ ခက်လိမ့်မယ်ဆိုတာ သေချာတယ်။ ဒါကြောင့် ကျနော်တို့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ အရေးကြီး တယ်လို့ ပြောဆိုခဲ့ပါတယ်။

အီးယူကိုယ်စားလှယ်ကတော့ ယူကရိန်းအစိုးရနဲ့ အတိုက်အခံနှစ်ဖက်စလုံးက လေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ့် သမတ ရနိုကိုဗစ် အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ကြားဝင်ဖျန်ဖြေမှုကို လက်ခံမယ် မထင်ဘူးလို့ အတိုက်အခံခေါင်းဆောင်က ဆက်လက်ပြောဆိုခဲ့ပါတယ်။

သမတ ရနိုကိုဗစ်က နောက်အပတ်မှာ အစိုးရတွင်း အပြောင်းအလဲတွေကို လုပ်ပေးဖို့နဲ့ ဆန္ဒပြပွဲတွေကို ပိတ်ပင်တဲ့ဥပဒေကို ပြန်ပြီး ပြင်ဆင်ပေးမယ်လို့ ဇန်န၀ါရီလ ၂၄ ရက်နေ့က ကြေညာ ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ကလစ်ခ်ျကို ကတော့ အခြေခံနိုင်ငံရေးအပြောင်းအလဲတွေကို လူထုကလိုချင်တာပါ။ အစိုးရတွင်း အပြောင်းအလဲ လုပ်တာလောက်နဲ့ မလုံလောက်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီလ ၂၄ ရက်နေ့ ညကလည်း ကိဗ်မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေဟာ သူတို့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ကားတာယာတွေကို မီးရှို့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တားဆီးထားခဲ့ကြပါတယ်။
DVB Burmese