အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် တန်ဖိုးရှိ ရေတပ်သုံး ရေဒါကိရိယာများ အိန္ဒိယထံမှမြန်မာ ဝယ်ယူမည်

ပို့စ်တင်ချိန် - 2/21/2014 11:52:00 AM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၄ သန်းတန်ဖိုးရှိ ရေတပ်သုံးရေဒါ ကိရိယာများကို မြန်မာနိုင်ငံ အစိုးရက အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် စာချုပ် ချုပ်ဆိုခဲ့သည်ဟု အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် The Time of India သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရပိုင် Bharat Electronics ကုမ္ပဏီသည် မြန်မာအစိုးရကို “hull –mounted sonars” အမည်ရှိ ရေအောက်တွင် အသုံးပြုသည့် ရှာဖွေရေး ရေဒါကိရိယာ သုံးလုံးကို ရောင်းချပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်အစိုးရ သဘောတူညီချက် ရရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံသို့ အဆိုပါ ရေတပ်သုံး ရှာဖွေရေး ကိရိယာများ ရောင်းချရေးကိစ္စကို ယနေ့ကျင်းပသည့် အိန္ဒိယ အထက်လွှတ်တော်တွင် အတည်ပြုချက် ရရှိခဲ့သည့်အတွက် မကြာမီ ကာလအတွင်း မြန်မာ့ တပ်မတော် (ရေ) သို့ ရောင်းချသွားမည်ဟု ဝန်ကြီးက ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

ယင်းသို့ ကာကွယ်ရေးကဏ္ဍသုံး စက်ပစ္စည်းများ ဝယ်ယူမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ တပ်မတော်၏ လက်နက် ဝယ်ယူရေး ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်း ပြန်ကြားခွင့် မရှိကြောင်း ပြန်လည် ဖြေကြားသည်။

ယခင်နှစ်ကလည်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကြီးက ထုတ်လုပ်သော ရေတပ်သုံးရေဒါများ၊ အသံလှိုင်း အသုံးပြုရှာဖွေရေး ကိရိယာများကို မြန်မာ့ရေတပ်က ဝယ်ယူခဲ့သည်ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး၏ အကြံပေး အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းတွင် ကိုးကား ဖော်ပြထားသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊ မြန်မာရေတပ်မှ တပ်မတော် အရာရှိများကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ် ကင်းလှည့် သင်္ဘောများ ဆောက်လုပ်ရေးအတွက် အကူအညီပေးရန်တို့ကို တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

The Voice Weekly