တပ်သိမ်းမြေများပြဿနာ ပြည်ထဲရေးသာ တာဝန်ရှိဟု

ပို့စ်တင်ချိန် - 2/21/2014 05:20:00 PM


Written by စိုးသန်းလင်း

နေပြည်တော်၊ မဇ္ဈိမ ။ ။ တပ်သိမ်းမြေများ ပြန်အပ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့သော်လည်း မူလပိုင်ရှင်လက်သို့ ယနေ့တိုင် မရောက်ခြင်း၊ မူလပိုင်ရှင်အပါအဝင် အဆိုပါမြေနှင့် ဆက်နွှယ်သူတို့ အမှုအခင်းများ ရင်ဆိုင် ဖြေရှင်းနေရခြင်းတို့ အတွက် တပ်မတော်တွင် တာဝန်မရှိဘဲ ပြည်ထဲရေးဌာန၏ တာဝန်သာဖြစ်ကြောင်း လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်၊ ၎င်းကော်မရှင်အဖွဲ့ခွဲ (၈)၏ ခေါင်းဆောင်လည်းဖြစ်သည့် ပြည်သူ့လွှတ်တော် တပ်မ တော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူး ကြီး စောရွှေက မဇ္ဈိမကို ပြောသည်။

“မြေစသိမ်းတုန်းကလဲ ပြည်ထဲရေး ဝန်ကြီးဌာနအမိန့်နဲ့ သိမ်းခဲ့တယ်၊ မြေပြန် အပ်တော့လည်း လုပ်ထုံး လုပ်နည်းအရ ပြည်ထဲရေး ကိုပဲ အပ်ရတယ်။ ပြည်ထဲရေးကမှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်၊ ခရိုင်၊ မြို့နယ်စသဖြင့် စိစစ်ပြီး ပြန်ပေးရတာ၊ မူလပိုင်ရှင်လက်ထဲရောက် မရောက် ပြည်ထဲရေးမှာပဲ တာဝန်ရှိတယ်”ဟု ၎င်းင်းက ပြောခြင်း ဖြစ်သည်။

လယ်ယာမြေအငြင်းပွားမှုများကြောင့် ပြည်သူတို့ဆုံးရှုံးနစ်နာရမှု၊ တရားစွဲခံရ၊ ပြစ်ဒဏ်ကျခံရမှုများအား အမြန်ဆုံး ဖြေရှင်းပေး ရန် ပြည်ထောင်စုလွှတ်တော်က အစိုးရအဖွဲ့အား အကြိမ်ကြိမ်မေတ္တာရပ်ခံ တိုက် တွန်းခဲ့သော်လည်း လွှတ်တော်သက်တမ်း သုံးနှစ် အတွင်း ထိရောက်သောရလဒ် မရခဲ့သဖြင့် လယ် ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းစစ်ဆေးရေး ကော်မ ရှင်၏ အစီရင်ခံစာ (၁)၊ (၂) နှင့် (၃) တို့ တွင် ဖော်ပြခဲ့သည့်အတိုင်း အမြန်ဆုံးပွင့် လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ၎င်းလယ်ယာမြေကော်မရှင်ကပင် တင်သွင်းခဲ့သည်။ ထိုသို့မတင် သွင်းမီ နံနက်ပိုင်း ၌ တပ်မတော်သား ကိုယ်စားလှယ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်တို့ရဲ့ အရေး ယူဆောင်ရွက်နိုင်မှု အတော် အားနည်းလွန်းပါ တယ်၊ တကယ်ဆို တပ်ကပြန်အပ် တဲ့မြေတွေကို ဘယ်ဒေသမှာ ဘယ်သူတွေ အတွက် ဧကဘယ်လောက် ပြန်ရထားတယ် ဆိုတာမျိုး ပွင့်လင်းမြင်သာအောင် အသိပေးနိုင်မယ် ဆိုရင်တောင် အောက်ခြေမှာ ဖြစ်နေတဲ့ ပြဿနာတော်တော်များများ ကို ဖြေရှင်းပြီးသား ဖြစ်နိုင်ပါတယ်။ တပ်က ပြန် ပေးတဲ့မြေတွေ မူလပိုင်ရှင်လက်ထဲ ရောက်ပြီဆိုမှ အဲဒီမြေရှင်တွေ ကြုံတွေ့ရင် ဆိုင်နေရတဲ့ အမှုအခင်း ပြဿနာတွေ လုပ်ငန်းအခက်အခဲတွေ ရပ်ဆိုင်းသွားနိုင်တာပါ” ဟုလည်း ဒုတိယဗိုလ်မှူးကြီး စောရွှေ က ထည့်သွင်းပြောကြားခဲ့သည်။

တပ်က ပြန်ပေးသည့်မြေများ မူလ ပိုင်ရှင်လက်သို့ မရောက်သေးသည့်တိုင် မြို့နယ်အဆင့်ရှိ တရားရုံးများ၊ လယ်/ဆည် ဝန်ကြီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အစရှိ သည့် အခြားအုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် လယ်မြေသိမ်းခံ ပြည်သူတို့အကြား အငြင်းပွားမှုများ၊ တရား စွဲမှု စသည်တို့ကို တားဆီးနိုင်၊ လျော့ကျစေနိုင်မည့် ပွင့်လင်း မြင်သာသော ဆောင်ရွက်မှုများကို ဦးစွာ စီစဉ်ပေးခြင်းများဖြစ် စေလိုကြောင်းလည်း ၄င်းက ရှင်းပြခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများမနစ်နာစေရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဖွဲ့ခွဲ(၈)က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တာဝန်ယူရကြောင်း ချင်းပြည် နယ်ရှိ လယ်ယာမြေအမှု သုံးမှုတို့ကို စုံစမ်း စစ်ဆေး ဖြေရှင်းပေးနိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိလယ်ယာမြေ အမှု ၄၃၅မှု ကိုမူ တစ်မှုမျှဖြေရှင်းနိုင်ခြင်း မရှိသေး ကြောင်းလည်း ၄င်းက ပြောသည်။

“ချင်းပြည်နယ်မှာက မြေယာမှုသုံးမှု ရှင်းပြီးပြီ၊ ရခိုင်မှာ ၄၃၅ မှုတောင်ရှိတယ်၊ ဒီနေ့အထိ ဘာတစ်မှုမှဖြေ ရှင်း ဆောင်ရွက်နိုင်မှု မရှိသေးဘူး၊ ပြီးခဲ့တဲ့အခေါက်က ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲတို့ ဂွတို့ ဘက်ကို စစ်ဆေးတဲ့အခါ မြေသိမ်းတာက တပ်မတော် တစ်ခုတည်းက သိမ်းတာ မဟုတ်ဘူး။ ဝန်ကြီးဌာနတွေ အများကြီးပဲ။ ဂွမှာဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ၊ စက်မှု၊ ပြည်ထဲရေး တို့ပါတယ်။ သံတွဲမှာဆိုရင်လည်း ပညာရေး၊ မွေး/ရေနဲ့ ဟိုတယ်/ခရီးစတဲ့ ဝန်ကြီး ဌာနတွေလဲ ပါတယ်” ဟု ၎င်းက ပြောသည်။

တပ်ကစွန့်လွတ်ပြီးမြေများကို ပြည်ထဲရေးက ပိုင်ရှင်ထံ ပြန်အပ်နိုင်သည့်နေ့တွင် တရားရင်ဆိုင်နေရသော မှုများ အလိုလို ပပျောက် သွားမည်ဖြစ်ကြောင်း မူလ ပိုင်ရှင်တို့တရားရင်ဆိုင်နေရသဖြင့် ၎င်းမြေကို မပေးဘဲထား၍ မရကြောင်း ပေးသည့်အခါ တွင်လည်း အောက်ခြေရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဖွဲ့ထား သော လယ်ယာမြေဆိုင်ရာ ကော်မတီဥက်္ကဋ္ဌ များ အပြောင်းအလဲရှိ ခြင်း၊ ဖြစ်ရပ်မှန်ကို သိသူတို့ ပါဝင်ဖြေရှင်း ပေးခွင့်မရခြင်း တို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းစီစဉ် ရရှိထားသည့် လယ်ယာမြေ ပိုင်ဆိုင်မှုအထောက်အထား ပြနိုင်သူတို့ အား မှားယွင်းပေးနိုင်ကြောင်း ၎င်းကိုယ်စားလှယ် က ရှင်းပြခဲ့သည်။

Mizzima