ယူကရိန်းတွင် ဆန္ဒပြမှုကြောင့် ၂ ရက်အတွင်း ၇၅ ဦး သေဆုံးခဲ့မှု နေတိုး ရှုတ်ချ

ပို့စ်တင်ချိန် - 2/21/2014 05:20:00 PM

နေထိုးအကြီးအကဲ အိန်ဒရာ ဖော့ (ဓာတ်ပုံ - ရိုက်တာ)

နေတိုးအကြီးအကဲက ယူကရိန်းနိုင်ငံမှာ ၂ ရက်အတွင်း လူ ၇၅ ဦး သေဆုံးခဲ့မှုကို ပြစ်တင် ရှုတ်ချခဲ့ပြီး နှစ်ဖက်စလုံး အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အစိုးရမှာ အကြမ်းဖက်မှုတွေအတွက် တာဝန်အရှိဆုံးဖြစ်ပြီး ယူကရိန်းစစ်တပ် အနေနဲ့လည်း ယူကရိန်း ပြည်သူတွေကို မပစ်ခတ်ဖို့ နေတိုးအကြီးအကဲက ပြောကြားခဲ့ပါတယ်။
တကယ်လို့ ဆက်လုပ်မယ်ဆိုရင် ယူကရိန်းအာဏာပိုင်တွေနဲ့ နေတိုးကြားမှာ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တခုတည်းသော ထွက်ပေါက်ကတော့ ဒီမိုကရေစီအခြေခံနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်ပြီး အဲ့ဒီ အခြေအနေဖြစ်ဖို့ နိုင်ငံတကာက ၀ိုင်းဝန်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ သွားရောက်ညှိနှိုင်းမှုတွေလုပ်နေတဲ့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးကတော့ နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုမှာ သဘောတူညီမှု မရသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ ယူကရိန်းပါလီမန်မှာ ယူကရိန်းပြည်သူတွေကို ပစ်ခတ်မှုတွေ ရပ်တန်းက ရပ်ဖို့ ပစ်ခတ်နေတဲ့တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

သမ္မတ ဗစ်တာ ယာနူကိုဗစ်ရဲ့ပါတီက အမတ် ၃၄ ဦးက အတိုက်အခံတွေဖက်က မဲပေးခဲ့တာကြောင့် အခုလို ဆုံးဖြတ်ချက် ချခဲ့တာလည်း ဖြစ်ပါတယ်။

DVB Burmese