လစဉ်ကြေး ပေးဆောင်နေရသော ပီစီအို တယ်လီဖုန်းလိုင်းများ ပြန်ဖွင့်ပေးစေချင် – ပေးစာ
														ပို့စ်တင်ချိန်
														- 2/21/2014 11:56:00 AM
နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်လူကြီးမင်းများ ခင်ဗျား
ကျွန်တော်တို့ မိတ္ထီလာတွင် ပီစီအိုဖုန်းများ လစဉ်ကြေးများ မြန်မာ့ဆက်သွယ်ရေးသို့ ပေးဆောင်နေရ၍ ကျွန်တော်တို့မှာ အခက်အခဲ ဖြစ်နေရပါသည်။ နိုင်ငံတော် သမ္မတကြီးက တန်ဖိုးနည်းဖုန်း များကို ပြည်သူများအတွက် ဆောင်ရွက်ပေးနေပါသည်။ ဆက်လက်၍ ပြည်ပကုမ္ပဏီများနှင့်လည်း ဆက်သွယ်၍ ဈေးနှုန်း ချိုသာစွာ ဆက်သွယ် ဆောင်ရွက်နိုင်အောင် မကြာခင် အချိန်ပိုင်းအတွင်းမှာ တန်ဖိုးနည်းဖုန်းများကို လိုသလောက် ရောင်းပေးဖို့ စီစဉ်နေပါပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ ဖုန်းဆက်ရန် ငွေကတ်ကိုလည်း ၀ယ်ထည့် ရပါသည်။ မြန်မာ့ဆက်သွယ်ရေးကိုလည်း ယခင် ၅၀၀၀၊ ယခု ၃၀၀၀ ကျပ်နှုန်း ပေးသွင်း နေရပါသည်။ ပေးခဲ့ရတာဟာလည်း တစ်ဦးလျှင် သိန်းနှင့်ချီ၍ ဖြစ်နေပါသည်။ နောင် ဘယ်အချိန် အတိုင်းအတာထိ ပေးရမယ်ဆိုတာကို တွေး၍ စိတ်ပူမိပါသည်။ ယခုလည်းလစဉ် ပေးဆောင်ရသည့် ငွေများ နောက်ကျသည့် အတွက်ကြောင့် ပီစီအိုဖုန်းများ အလုံးရေများစွာ မန္တလေးတိုင်းရုံးမှာ ယာယီလိုင်းပိတ် ထားပါသည်။ ယခုလိုကောက်ခံခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဌာန်းသည့်အတိုင်း ကောက်ခံတာလား၊ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ကောက်ခံတာလား ဆိုတာကတော့ မသိရပါ။ ကျွန်တော်တို့တော့ အမှန်တကယ် ပေးဆောင်နေရပါသည်။
သို့အတွက်ကြောင့် ဒီအချိန်မှာ မကောက်သင့်တော့သည့် အကြောင်း ပီစီအို တယ်လီဖုန်းလိုင်း များကိုလည်း အမြန်ဆုံး ပြန်ဖွင့်ပေးရန် နိုင်ငံတော်သမ္မတကြီးနှင့် လွှတ်တော်သို့ အသနားခံ တင်ပြအပ်ပါသည်။
သိန်းဝင်း
Myanmar Thandawsint Newspaper

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
