ဦးဝီရသူရဲ့ တရားပွဲတချို့ ပိတ်ပင်ခံရ

ပို့စ်တင်ချိန် - 2/21/2014 11:27:00 AM


ဦးဝီရသူက သူ့ရဲ့ တရားပွဲတချို့ ပိတ်ပင်ခံရခြင်းများ ရှိခဲ့ကြောင်း သူ့အွန်လိုင်းမှာ ကြာသပတေးညနေပိုင်းက ရေးလိုက်ပါတယ်။
 -

ပိတ်ပင်သူများ ပိပိရိရိ ရှိလွန်းတဲ့အတွက် ဒီလိုဖြစ်ရပ်မျိုး လူမသိ သူမသိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရေးသားချက်အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဒီလို ပိတ်ပင်ခြင်းနဲ့ ဆက်စပ်တဲ့ဆောင်းပါးတပုဒ်ကိုလည်း တွဲပြီး တင်ထားတာ တွေ့ရမှာပါ။

ပြည်သူ့ခေတ် ဂျာနယ်မှ (ကိုဝ) ရဲ့ဆောင်းပါး ဖြစ်ပါတယ်။


“မျှမျှတတ ရေးကြပါဗျာ”
^^^^^^^^^^^^^^
ဒီမိုကရေစီလိုလားသူတွေကမှ ဒီမိုကရေစီနည်းမကျရင် အမှန်တရားကို ချစ်မြတ်နိုးပါသည်ဆိုသူတွေကမှ တစ်ဖက်သတ် ဘက်လိုက်နေရင် တရားဥပဒေစိုးမိုးလိုသူတွေကမှ အမှန်တရားကို မျက်ကွယ်ပြုရင် ပြည်သူတွေမှာ အားကိုးစရာ ရှိနိုင်ပါဦးမလား….?။

ပါတီတစ်ခုတည်းမှာတင် ဝီရသူကို လိုလားစွာဖြင့် တရားပွဲပင့်သူများသလို၊ ဝီရသူကို မလိုလားလို့ တရားပွဲ ပိတ်သူများလည်း ရှိခဲ့ပါသည်။

မယကထံ လူကိုယ်တိုင် လာရောက်တိုင်ကြားပြီး ပိတ်ခိုင်းတဲ့မြို့နယ် ပါတီများရှိသလို၊ ခွင့်ပြုချက်ရပြီး၊ ပန်းဖလက်များဝေပြီး၊ အသံချဲ့စက်နှင့် ကြေညာပြီးမှ ပါတီလိုလားသူများက လူကိုယ်တိုင် လာရောက် ပိတ်ပင်ခဲ့ သောကြောင့် တရားမဟောဘဲ နေခဲ့ရသည့် ရန်ကုန်ပွဲများလည်း ရှိခဲ့ပါသည်။
ကိုယ်တော်လေးများ တားမြစ်ရခြင်းမှာ အမျိုးတူ ဘာသာတူများကို မဟုတ်ပါ။
ဝီရသူကို ပိတ်ပင်သူများသည် အမျိုးတူ ဘာသာတူများ ဖြစ်ကြပါသည်။

အမျိုး ဘာသာ သာသနာအတွက် ရည်ရွယ်သော ကိုယ်တော်လေးများကို အပြစ်တင်မည်ဆိုလျှင် ကိုယ့်ပါတီ အတွက် ပိတ်ပင်သော ဘာသာတူ လူမျိုးတူသူများကို ခွင့်လွှတ်ခဲ့သော၊ လူမသိစေခဲ့သော ဦးဝီရသူကိုလည်း အပြစ်တင်ထိုက်သည်ဖြစ်ပါသည်။

တရားပွဲခွင့်ပြုမိန့်ချပြီးမှ ပြန်ရုပ်သိမ်းခိုင်းသော မြို့နယ်ပါတီ၊ တရားဟောကြွလာကမှ ဟောရင် ညီညွတ်ရေးပျက်ပြားပါလိမ့်မည် အကြောင်းပြချက်ဖြင့် မဟောဖို့ လာတားမြစ်သည့် ပါတီလိုလားသူများလည်း ရှိခဲ့ကြောင်း၊ ထိုသူများက ပိရိသေသပ်သောကြောင့်သာ လူမသိခဲ့ကြခြင်းဖြစ်ကြောင်း၊ အမျိုးထိရင် မချိအောင်နာတတ်သော မီဒီယာများကို သိစေလိုပါသည်။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
“အမှားကြီး မှားခဲ့ပြီးပါပြီ”
^^^^^^^^^^^^^^

ရန်ကုန်စက်မှုတက္ကသိုလ် စတုတ္ထနှစ် စာမေးပွဲဖြေတုန်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားနေပြီး စာမေးပွဲ ဖြေပါတယ်။ သူငယ်ချင်းအိမ်က တာမွေမှာပါ။ သူငယ်ချင်းမိသားစုက ရာနှုန်းပြည့် တရုတ်မိသားစုပါ။
တစ်ရက် ထမင်းစားကြရင်း သူငယ်ချင်းရဲ့ အဖေက သူ့တိုင်းပြည်ကို သူ ဘယ်လောက်ချစ်တဲ့ အကြောင်းကို စိတ်လိုလက်ရ ပြောပြပါတယ်။
သူတိုင်းပြည်ဆိုလို့ တရုတ်ပြည်မထင်ပါနဲ့၊ မြန်မာပြည်ကို သူ ဘယ်လောက်ချစ်တဲ့ အကြောင်းကို ပြောနေတာပါ။

 သူငယ်ချင်းရဲ့ အဖေ့နာမည်က ဦးလှအောင်ပါ။ ဦးလှအောင်က သာမန်စီးပွားရေးသမား တစ်ဦးပါ။
အဲဒီခေတ်က ဆိုရှယ်လစ်ခေတ်ဖြစ်လို့ ကားရှားသလို ကားဘော်ဒီမှုတ်ဆေးတွေကလည်း ရှားပါတယ်။
ဦးလှအောင်က ကာမှုတ်ဆေးရဲ့ အရောင်ကို လိုသလို ရအောင်စပ်နိုင်ပါတယ်။
ပြောလိုတာက ဦးလှအောင်ဟာ သာမန်ပြည်သူတွေထဲက ပြည်သူတစ်ဦးပါ။
ကိုယ့်စိတ်ထဲမှာ လူမျိုးခြားလို့ တွေးမြင်နေတဲ့ သူတစ်ဦးက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကိုယ်လိုပဲ ချစ်တယ်ဆိုတာ သိလိုက်ရတော့ စိတ်လှုပ်ရှားသွားမိပါတယ်။
 အမှန်ကတော့ လူမျိုးဇာဏ်မြစ် မတူဘူးဆိုတဲ့ အတွေးက ရှေ့ရောက်နေလို့ ဒီမြေမှာနေ ဒီလေးကိုရှုတဲ့ ဘဝတူ နိုင်ငံသားတွေပဲဆိုတဲ့ အတွေးက မပေါ်လွင် ဖြစ်နေတာပါ။

သူငယ်ချင်းတွေရဲ့ ဘဝတွေထဲက နောက်တစ်ယောက်အကြောင်းကို ပြောလိုပါတယ်။ သူကတော့ ဒေါက်တာသန်းဝင်းပါ။
 မြန်မာပြည်မှာ ဆရာဝန် အတော်ရှားတဲ့ အချိန်တုန်းက ဒေါက်တာသန်းဝင်းဟာ ပါကစ္စတန်နိုင်ငံမှာ ဆေးပညာသွားသင်ပြီး ဒေါက်တာဘွဲ့ယူလာတာပါ။
 မြန်မာပြည်မှာ နိုင်ငံဝန်ထမ်း ဆရာဝန် တစ်ယောက်အနေနဲ့ တာဝန်ကျရာဒေသမှာ ကျေကျေပွန်ပွန် တာဝန်ထမ်းဆောင်ပြီး ဘဝကို ရိုးရိုးသားသား ဖြတ်သန်းခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဆိုရှယ်လစ်ခေတ်မှာ ပါတီ မဝင်ရင် ရာထူး မတက်ဘူး ဆိုတာကို သိသိနဲ့ ပါတီဝင်လျှောက်လွှာတောင် မယူခဲ့ပါဘူး။
နိုင်ငံခြားထွက်သွားဖို့လည်း စိတ်မကူးခဲ့ပါဘူး။
ဒီလိုအတွေးတွေက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်လို့ မြဲမြဲခံယူထားရာကနေ ထွက်ပေါ်လာတာပါ။
 ဒေါက်တာ သန်းဝင်းက အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ အိန္ဒိယနွယ်ဖွားတစ်ဦးပါ။

မတူကွဲပြားတဲ့ သူငယ်ချင်းတွေရဲ့ ဘဝတွေအကြောင်း ပြောနေတာက ဒီကနေ့ကာလမှာ ရှေ့တန်းရောက် လာတဲ့ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးကိစ္စကို မပြောချင်လို့ပါ။
 မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဟာ နိုင်ငံသူ နိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ကိုးကွယ်ရာ ဘာသာမဟုတ်ပါဘူး။
ဟိန္ဒူဘာသာဝင်တွေရှိသလို အစ္စလာမ်ဘာသာဝင်တွေလည်း ရှိပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေလည်းရှိပါတယ်။

 ဟိန္ဒူဘာသာဝင်တွေကို ဆန့်ကျင်တာက ဗုဒ္ဓဘာသာကို မြှင့်တင်တာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာဝင်တွေကို ဆန့်ကျင်တာက ဗုဒ္ဓဘာသာကို မြင့်တင်တာ မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာကို ဆန့်ကျင်တာက ဗုဒ္ဓဘာသာကို မြှင့်တင်တာမဟုတ်ပါဘူး။
 ဗုဒ္ဓဘာသာကို မြှင့်တင်နိုင်ဖို့က ဗုဒ္ဓဘာသာဝင်တွေရဲ့ နှလုံးသားမှာ ဗုဒ္ဓရဲ့ဓမ္မကို မြဲမြဲသက်ဝင်အောင် ကျင့်ကြံဆောင်ရွက်မှုပဲ ဖြစ်နိုင်မှာပါ။
 ဒီလောက်ရှင်းနေတဲ့ကိစ္စကိုများ ပြောနေရသေးတယ်လို့ တွေးကောင်း တွေးပါလိမ့်မယ်။

လောကကြီးမှာ အဝတ်ဗလာ ဘုရင်ကြီးကို ကြည့်ပြီး ဝတ်လဲတော်က ခန့်ညားလှပါတယ်ဘုရားလို့ အလိမ်စေ့ ငြင်းဆန်ပြောတဲ့သူတွေ အများကြီးရှိပါတယ်။

အခုလည်း မြန်မာနိုင်ငံရဲ့ စာပေဟောပြောပွဲတွေမှာ အစ္စလာမ် ဘာသာဝင်တွေ မဟောပြောရဆိုပြီး လိုက်လံပိတ်ပင်ဟန့်တားနေတဲ့ သံဃာတော် အစုအဖွဲ့တွေရဲ့ သတင်းတွေကို ကြားနေရပါတယ်။

 ဒီလို ပိတ်ပင်ဟန့်တားတဲ့ကိစ္စဟာ သံဃာတော်တွေ ကျင့်ကြံရမယ့် အမှုကိစ္စ မဟုတ်သလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေကလည်း ဒီလို ဟန့်တားပိတ်ပင်တာကို ခွင့်မပြုပါဘူး။ ဒါကြောင့် ပိတ်ပင် ဟန့်တားခွင့်လည်း မရှိပါဘူး။
ဒီကနေ့ကာလမှာ တစ်ကမ္ဘာလုံးက လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတွေကို မြှင့်တင်ဖို့ ကြိုးပမ်း အကောင်အထည်ဖော်နေကြတာပါ။
အမုန်းတရားဆိုတာကလည်း ဗုဒ္ဓရဲ့ဓမ္မနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ကိစ္စပါ။

ဝိနည်းနဲ့ မညီသလို ဥပဒေကိုပါ ချိုးဖောက်ကျူးလွန်နေတဲ့ သံဃာတော် အစုအဖွဲ့အဖွဲ့တွေ ဘာလို့ စိတ်ထင်သလို လုပ်နိုင်နေရတာလဲ။
ဒါက အာဏာပိုင် အဖွဲ့အစည်းတွေ အပါအဝင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး အလေးအနက် သုံးသပ် ဖြေဆိုရမယ့် မေးခွန်းပါ။

 သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေအပေါ် တရားမဲ့ ချိုးဖောက်နေတဲ့အပေါ် အလေးအနက် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။
 စာပေဟောပြောပွဲ မဟောပြောဖော် ဟောပြောဖက်တွေကလည်း ဒီလိုဖြစ်ရပ်မျိုး ကြုံခဲ့ရရင် ငါတို့လည်း မဟောပြောနိုင်ဘူးဆိုပြီး တရားမျှတမှုအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်ဖို့ လိုအပ်ပါတယ်။
 ပြည်သူလူထုကလည်း ဒီလို အနိုင်ကျင့် ခြိမ်းခြောက်မှုတွေအပေါ် အလျှော့ပေး နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို အခိုင်အမာ ရပ်တည်ပြသရပါမယ်။
သံဃာတော်ထုကြီး တစ်ရပ်လုံးကလည်း ဗုဒ္ဓသာသနာရဲ့ ဂုဏ်ရောင်ကို မှေးမှိန်ထိခိုက်စေတဲ့ ဒီလို လုပ်ရပ်မျိုးကို ဝိုင်းဝန်းဆန့်ကျင် ကြဖို့ လိုအပ်ပါတယ်။

ဟစ်တလာ ဦးဆောင်တဲ့ နာဇီဂျာမန်တွေက ဂျူးလူမျိုးတွေကို မျိုးပြုတ် ညှဉ်းပန်းနှိပ်စက်ခဲ့ပုံတွေကို ပြန်တွေး ကြည့်လိုက်ပါ။
 ဒီဖြစ်ရပ်ဆိုးတွေက ဂျာမီနိုင်ငံရဲ့ သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသလို ဂျာမန်လူမျိုးတွေ ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေခဲ့တာပါ။

 မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝမြှင့်တင်ရေးလို့ ကြွေးကြော်ပြီး နိုင်ငံခြားသားတွေ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းခဲ့ပါတယ်။
လက်တွေ့မှာ နိုင်ငံခြားသားတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းရုံနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ စီးပွားရေး အဆင့်အတန်းကို မမြှင့်တင်နိုင်ပါဘူး။
 ရလဒ်ကတော့ မြန်မာ့စီးပွားရေးဟာ အုတ်မြစ်ကစပြီး ပြိုပျက်သွားတာပါ။
 ပြောလိုတာက လူမျိုးခြား၊ ဘာသာခြားကို ဆန့်ကျင်ရုံနဲ့ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်မှာ မဟုတ်ပါဘူး။

အမျိုးဘာသာ သာသနာကို အမှန်တကယ်ကာကွယ်စောင့်ရှောက်လိုတယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေကို လူတန်းစေ့ နေထိုင်နိုင်အောင် ဖန်တီးပေးဖို့ လိုပါတယ်။
ပညာတတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။
ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့က နိုင်ငံရေး မူဝါဒတွေ မှန်ကန်ဖို့ လိုအပ်ပါတယ်။ စီးပွားရေး မူဝါဒတွေ မှန်ကန်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေးမူဝါဒ၊ မှန်ကန်တဲ့ စီးပွားရေးမူဝါဒဆိုတာတွေကို အနှစ်ချုပ်လိုက် ရင် ဘာသာလူမျိုး မခွဲခြားတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်းကို သာတူညီမျှ အခွင့်အရေးပေးရေးဆိုတာကို တွေ့ရမှာပါ။
တစ်ခွန်းတည်းပြောပါဆိုရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ရပါမယ်။ ဒါက အခြေခံ လိုအပ်ချက်ပါ။ ဒီလိုအပ်ချက်ကို ဆန့်ကျင်တာက တိုင်းပြည်ရဲ့ အနာဂတ်အုတ်မြစ်ကို ဖြိုဖျက်တာနဲ့ အတူတူပါပဲ။ အမှားကြီး မှားခဲ့ဖူးတဲ့ သမိုင်းသင်ခန်းစာတွေကို လေးလေးနက်နက် နှလုံးသွင်းဆင်ခြင်ရမယ့် အချိန်ရောက်နေပါပြီ။

ပြည်သူ့ခေတ် ဂျာနယ်မှ (ကိုဝ) ရဲ့ဆောင်းပါး။

Irrawaddy