ယူကရိန်းနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ အီးယူ ပြုလုပ်

ပို့စ်တင်ချိန် - 2/21/2014 05:23:00 PM

ယူကရိန်းအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းစဉ် (ဓာတ်ပုံ - ရိုက်တာ)

ယူကရိန်းနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း တာဝန်ရှိသူ အာဏာပိုင်တွေကို အီးယူက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပိတ်ဆို့အရေးယူမှုတွေ စတင် ပြုလုပ်ခဲ့ပြီး အခြေအနေတွေ ပိုဆိုးလာရင် ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ဆက်လုပ်မှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြိုမှာ အရေးပေါ် အစည်းအဝေးကို ပြုလုပ်ပြီး ယူကရိန်းအာဏာပိုင်တွေအပေါ် ဗီဇာပိတ်ဆို့မှုတွေ၊ ပိုင်ဆိုင်မှု တွေကို ချိတ်ပိတ်မှုတွေနဲ့ လုံထိန်းသုံးပစ္စည်းတွေ တင်ပို့မှုတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အီးယူ မူဝါဒရေးရာအကြီးအကဲ ကက်သရင်း အက်ရှ်တန်က ယခုထက်ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေလုပ်ဖို့လည်း စဉ်းစားထားတဲ့ တချိန်ထဲမှာလည်း ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ ယူကရိန်းအစိုးရကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီ၊ ပြင်သစ်နဲ့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ယူကရိန်းအစိုးရနဲ့ အတိုက်အခံကြား စေ့စပ်မှုတွေ သွားရောက် လုပ်ဆောင်နေတာကြောင့် ဘရက်ဆဲလ် အရေးပေါ် အစည်းအဝေးကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

အီးယူရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပိတ်ဆို့မှုတွေကို ချက်ချင်းအကောင်အထည်ဖော်ဖို့ ဖော်ပြထားပြီး အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ ယူကရိန်းအစိုးရကို တောင်းဆို ထားပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ကိယက်မြို့က ပစ်ခတ်သတ်ဖြတ်မှုတွေကို လက်ခံ နိုင်စရာမရှိဘူးလို့ ပြောဆိုရှုတ်ချခဲ့ပါတယ်။

ကိယက်မြို့က အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်အထိ အီးယူဟာ ယူကရိန်းနိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ အားပေး တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကလည်း ယူကရိန်းအာဏာပိုင် ၂၀ ဦးကို ဗီဇာပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

DVB Burmese