ဝရမ်းပြေးဗိုလ်ချုပ်နှင့် ဂန္တဝင် သထုံဆောင်

ပို့စ်တင်ချိန် - 2/21/2014 11:28:00 AM


သုဝဏ္ဏဘုမ္မိ သထုံပြည်ကိုရည်ညွှန်းမှည့်ခေါ်ထားသည့် သထုံဆောင်ကို ၁၉၂၈ ခုနှစ်တွင်ပင် ပဲခူး ဆောင်နှင့် မရှေးမနှောင်း တည်ဆောက်ပြီးစီးခဲ့သည်ဟု သိရသည်။ ရန်ကုန်အဝေးသင်တက္ကသိုလ် တည်ရှိနေသော သထုံလမ်းသည် သထုံဆောင်နှင့်မျက်နှာချင်းဆိုင် တည်ရှိနေသည့်အတွက် သထုံ လမ်းဟု အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာမှတ်သားခဲ့ရသည်။
သထုံဆောင်တွင် တာဝန်ထမ်းဆောင်ခဲ့သူများ
ထိုခေတ်ထိုအခါက သထုံဆောင်၌အဆောင်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောဆရာများမှာ ဦးလူဖေဝင်း (၁၉၃၀-၁၉၃၁) သင်္ချာပါမောက္ခဦးအောင်လှ (၁၉၃၆-၁၉၃၇) တို့ဖြစ်သည်။
အဆောင်နည်းပြဆရာများမှာ သခင်ဘသောင်း (၁၉၂၈-၁၉၂၉)၊ ဦးအေးမောင် (တက္ကသိုလ်မောင် သန့်စင်) (၁၉၃၀-၁၉၃၁)၊ ပါဠိပါမောက္ခဦးအောင်သန်း (၁၉၃၀-၁၉၃၁)၊ ဆရာဇော်ဂျီ (၁၉၃၄-၁၉၃၅)၊ ဆရာမြကေတု (၁၉၃၄-၁၀၃၅)၊ အတွင်းဝန်ဦးဘစန်း (၁၉၃၅-၁၉၃၇) တို့တာဝန်ထမ်းဆောင်ခဲ့ကြ သည်။
သထုံဆောင်တွင် နေထိုင်ရင်းရန်ကုန်တက္ကသိုလ်၌ သင်ကြားပို့ချပေးနေသူဆရာတစ်ဦးက "ဒီမှာရှိတဲ့ အဆောင်တွေအားလုံးမှာ ထင်ပေါ်ကျော်ကြားတဲ့သူတွေ နေထိုင်ခဲ့ကြတာ အထင်အရှားပါပဲ။ ခေတ်အ ဆက်ဆက်ကနေ အခုလက်ရှိဆရာတို့နေထိုင်တဲ့အထိ၊ ကိုယ့်တာဝန် ကိုယ်ယူကြရင်း တက္ကသိုလ်ရဲ့ မြေပေါ်မှာ အတူတကွလျှောက်လှမ်းခဲ့ကြတယ်။ ဒီလိုပဲအခုခေတ်မှာလဲ ထူးချွန်သူတွေကို ဖော်ထုတ် ပေးတယ်။ မြေတောင်မြှောက်ပေးတာကို ဆရာတို့ကကြိုဆိုပါတယ်" ဟုဆိုသည်။
သထုံဆောင်၏ ထင်ပေါ်ကျော်ကြား ကျောင်းသားဟောင်းများ
ထင်ပေါ်ကျော်ကြားခဲ့သည့် သထုံဆောင်ကျောင်းသားဟောင်းများမှာ စာပေဗိမာန်ဦးစိန်ဝင်း (၁၉၃၀-၁၉၃၁)၊ ဆရာရွှေပြည်စိုး၊ (၁၉၃၀-၁၉၃၁)၊ ဦးတိုးအောင် (ကုသ) (၁၉၃၂-၁၉၃၃)၊ ဆရာမောင်ထင် (၁၉၃၂-၁၉၃၃)၊ အေဝမ်းဦးတင်မောင် (၁၉၃၂-၁၉၃၃)၊ အိုးဝေဦးညိုမြ (၁၉၃၄-၁၉၃၅)၊ ဦးကိုကိုလေး (ဇေယျာမောင်) (၁၉၃၄-၁၉၃၅)၊ ဖဆပလဦးကျော်ငြိမ်း (၁၉၃၄-၁၉၃၅)၊ ဖဆပလ ဗိုလ်ခင်မောင်က လေး (၁၉၃၆-၁၉၃၇)၊ ဦးမြစိန် (မောင်လူပိန်း) (၁၉၃၇-၁၉၃၈)၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် (၁၉၃၈-၁၉၃၉)၊ သခင်ဗဟိန်း (၁၉၃၈-၁၉၃၉)၊ တက္ကသိုလ်နယ်နိမိတ် (၁၉၄၆-၁၉၄၇)၊ (တက္ကသိုလ် နန္ဒမိတ်သည် ပဲခူးဆောင်တွင်လည်းနေထိုင်ခဲ့ဖူးသည်။) ဦးတင်ဖေ (အောင်လင်း) (၁၉၄၈-၁၉၄၉)၊ ဦးအောင်စိုး (အောင်စိုး) (၁၉၄၈-၁၉၄၉)၊ အဆိုတော်ကိုတင်အောင်သန်း (၁၉၅၀-၁၉၅၁)၊ မောင် အောင်မွန် (၁၉၅၃-၁၉၅၆) စသူတို့နေထိုင်ခဲ့ကြသည်။
သခင်အောင်ဆန်းပုန်းအောင်းခဲ့သည့် သထုံဆောင်အခန်းနံပါတ် ၁၁၀
ဗိုလ်ချုပ်အောင်ဆန်းသည်လည်း တက္ကသိုလ်ကျောင်းသားဘဝက သထုံဆောင်အခန်းတစ်ခန်းတွင် ပုန်းအောင်းခဲ့ဖူးသည်ဟု သိရသည်။
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း သခင်ဘဝရောက်ရှိနေစဉ်တွင် ဗြိတိသျှအစိုးရက ဝရမ်း ထုတ်ဖမ်းဆီးစဉ် ဗိုလ်ချုပ်သည်သူ၏ ပုန်းအောင်းရာနေရာအဖြစ် သထုံဆောင်၏ အခန်းနံပါတ် ၁၁၀ အား အမှောင်ခန်းအဖြစ် တစ်ပတ်ကြာမျှ အသုံးပြုခဲ့သည်ဟု သိရသည်။ ထိုအခန်းသည် ယနေ့အထိ ဗိုလ်ချုပ်ပုန်းအောင်းရာအခန်းအဖြစ် ထိန်းသိမ်းထားဆဲဖြစ်သည်။
သထုံဆောင်တွင် လက်ရှိနေထိုင်လျက်ရှိသည့် ပထမနှစ်ကျောင်းသားတစ်ဦးက "ကျွန်တော်တို့က တော့ ဒီလိုအထင်ကရအဆောင်တွေမှာ နေထိုင်ခွင့်ရတာရော၊ ရန်ကုန်တက္ကသိုလ်လို ကျောင်းတော် ကြီးမှာတက်ခွင့်ရတာ တကယ်ကိုဂုဏ်ယူမိပါတယ်။ နယ်ကနေကျောင်းလာတက်ရတဲ့ ကျွန်တော်တို့ အတွက် ရန်ကုန်မှာခြေချဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုအဆောင်ကြီးတွေမှာ အရင်ကထင်ရှားခဲ့တဲ့ဆရာ တွေ၊ အထင်ကရပုဂ္ဂိုလ်တွေ နေထိုင်ခဲ့ကြတော့ ကျွန်တော်တို့အတွက် အားဖြစ်ရပါတယ်။ ကြိုးစားရင် တစ်နေ့အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်" ဟုသူ၏အမြင်ကို ပြောခဲ့သည်။
ယနေ့ပထမနှစ် တက္ကသိုလ်ကျောင်းသားများ နေထိုင်ခွင့်ရှိလာသည့် သထုံဆောင်
ယခင်က တက္ကသိုလ်ဆရာ၊ ဆရာမမိသားစုများ၏ ယာယီအိမ်ခန်းဖြစ်ခဲ့သော သထုံဆောင်သည် ယနေ့အချိန်၌ ပထမနှစ်ထူးချွန်ကျောင်းသားများ အဆောင်နေထိုင် အသုံးပြုခွင့်ရှိနေပြီဖြစ်သည်။ သူ့ခေတ်သူ့အခါက စာသင်၊ စာကျက်၊ ကဗျာ၊ စာတိုပေစများရေးသားကာ ဘဝတိုက်ပွဲဝင်ရင်း တက္ကသိုလ်ကျောင်းသားဘဝကို ကုန်ဆုံးခဲ့ကြသော နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ကြသည့် ဆရာကြီးများနည်း တူ ယနေ့အချိန်တက္ကသိုလ်ကျောင်းတော်ကြီး၏ ရင်ငွေ့ကိုခိုလှုံရင်း ပညာသင်ခွင့်ရရှိကြသည့် အနာဂတ်၏ ကျောင်းသား၊ ကျောင်းသူကလေးများသည်လည်း နိုင်ငံကိုတစ်ဖက်တစ်လမ်းမှ ပြန်လည် အကျိုးပြုနိုင်ကြစေဖို့ ဆန္ဒပြုမိပါသည်။
The Flower News Journal