မြန်မာနိုင်ငံတွင်ရောင်းမည့် Telenor ဖုန်းကတ် ဂဏန်း အပူး၊ အလှ ဈေးကွက်ရှိနိုင်

ပို့စ်တင်ချိန် - 2/21/2014 08:41:00 AM


အစိုးရဖုန်းဈေးကွက် ကဲ့သို့ပင် အပူး၊ အလှနံပါတ်များအား ဈေးကွက်တစ်ခုအဖြစ် ဖုန်းကတ်ဖြန့်ချိချိန်တွင် ရောင်းချနိုင်ဖွယ်ရှိကြောင်း ဆက်သွယ် ရေးလုပ်ငန်းလိုင်စင်ရ Telenor Myanmar မှသိရသည်။
”ထူးခြားတဲ့ နံပါတ်တွေကတော့ ဈေးကွက်စတင်တဲ့အချိန်ကျရင် သီးသန့် ရှိနေမှာပါ။ ဘယ်လို စနစ်တွေနဲ့ ရောင်းပေးမလဲဆိုတာကတော့ လတ်တလော အနေနဲ့ မပြောနိုင်သေးပါဘူး” ဟု Telenor Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောသည်။ ဖုန်းနံပါတ်များအဖြစ် ဂဏန်း ၁ဝ လုံးပါဝင်မည်ဖြစ်ပြီး ဝ၉-၅ဝ စသည့် နံပါတ်ဖြင့် စတင်သွားမည် ဖြစ်သည်။ ကတ်အရေအတွက် သန်း ၃ဝထုတ်လုပ်သွားမည်ဟု ၎င်းက ဆက်ပြောသည်။

”ဆင်းကတ်တွေကိုတော့ တယ်လီနောနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ကြမယ့် ဖြန့်ချိရေးကိုယ်စားလှယ်ဆိုင်တွေ မှာ ဝယ်ယူရမှာပါ။ ထူးခြားတဲ့ နံပါတ် တွေလည်း အလားတူပုံစံမျိုးနဲ့ ရှိနေမှာပါ” ဟု ၎င်းက ဆက်ပြောသည်။ နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ Telenor Group သည် အာရှဒေသတွင် ဆက်သွယ်ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက် ရှိသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် Dtac ဆက်သွယ်ရေးလုပ်ငန်းတွင်လည်း အပူးအလှနံပါတ်များကို ဈေးကွက်တစ်ခုအဖြစ် ဖော်ဆောင်၍
ရောင်းနေကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

နံပါတ်အပူး၊ အလှများနှင့် ပတ်သက်၍ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝန်ဆောင်မှုပေးနေ သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂ဝ၁၂
ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်နှင့် မန္တလေးတွင် လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး ကျပ် နှစ်သိန်းမှ ကျပ် ၆၁ သိန်း အထိပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ပြည်တွင်းဖုန်းအရောင်း ဈေးကွက်တွင်လည်း အပူး၊ အလှနံပါတ်များမှာ သာမန် ဖုန်းဆင်းကတ်များထက် ကျပ်တစ်သောင်းခန့် ဈေးပိုမြင့်ကြောင်း သိရသည်။

Ref & Credit: Popular Myanmar News