မြန်မာရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရန် ယူရို ၁၀ သန်း အီးယူ အကူအညီပေး

ပို့စ်တင်ချိန် - 2/21/2014 11:04:00 AM


နီနီမြင့်|ဖေဖော်ဝါရီ ၂၁၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်။

ဥရောပသမဂ္ဂ(အီးယူ)မှ ၁၈ လကြာမြင့်မည်ဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စီမံကိန်းအတွက် ထောက်ပံ့ငွေ ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) အသုံးပြုထားကြောင်း အီးယူက ဖေဖော်ဝါရီ ၂၀ တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအစိုးရ၏ အဆိုပြုချက်အပြင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်များအရ အီးယူက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အီးယူမှ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၁၅ မတ်လအထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

အစီအစဉ်တွင် (၁) ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ်၊ (၂) လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်းအပိုင်းများ၊ (၃) ရဲတပ်ဖွဲ့၏ အုပ်ချုပ်ရေးနှင့် တာဝန်ယူမှု စသည်တို့အတွက် ဆောင်ရွက်သွားမည် ဖြစ်သည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီး နိုင်ငံခြားက ခုလိုမျိုး စနစ်တကျအင်နဲ့အားနဲ့ ပြုပြင် ပြောင်းလဲဖို့အတွက် ကူညီတာ ပထမဆုံးပဲ။ အီးယူက စနစ်တကျနဲ့ ပံ့ပိုးပေးပါတယ်။ သမ္မတ ဦးသိန်းစိန် စတင်တာဝန်ယူတဲ့အချိန်ကစပြီး ရဲတပ်ဖွဲ့ကလည်း နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့ဖြစ်ဖို့၊ ကောင်းသထက် ကောင်းအောင်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်”ဟု ဖေဖော်ဝါရီလ ၂၀ ရက် မင်္ဂလာဒုံရဲတပ်ရင်း အမှတ်(၈) တွင် ပြုလုပ်သော လူစုလူဝေးအား စနစ်တကျထိန်းသိမ်းမှုသင်တန်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့မှ ရဲ မှူးချုပ်သူရဘိုနီက ပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သော လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းမှုသင်တန်း ခြောက်ကြိမ်ပြီးဆုံးသွားပြီဖြစ်ကြောင်း အီးယူမှ စာတွေ့နှင့် လက်တွေ့ဖြစ်စဉ်များဖြင့် စနစ်တကျ သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောသည်။

စီမံချက်အနေဖြင့် ယခုအချိန်ထိ ရဲအရာရှိပေါင်း ၁,၄၁၉ ဦးကို သင်ကြားပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက “ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ပုံ နည်းလမ်း တွေကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ လက်ပံတောင်းတောင်၊ မိတ်္ထီလာနဲ့ အခြားဒေသက ဖြစ်ရပ်တွေက ညွှန်ပြနေတယ်။ ဒီသင်တန်းမှာ ဂျာမနီ၊ ဘယ်ဂျီယံနဲ့ ယူကေက နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ရင့်ကျက် တဲ့ရဲအရာရှိ သင်တန်းဆရာတွေက စနစ်တကျ သင်ကြားပေးခြင်းဖြစ်ပါတယ်”ဟု သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

သင်ကြားရေးပိုင်းတာဝန်ခံ မစ္စတာပက်ထရစ်ဂစ်စတဲလင့်ခ်က “လူစုလူဝေးအရှိန်ကို လျှော့ချခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေ တွေ့ဆုံဆွေးနွေးမှုအရင်လုပ်ဖို့ ကိစ္စရပ်တွေ၊ အင်အားအသုံးပြုမှုကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့တွေကို သင်ကြားပေးခဲ့ပါတယ်။ အင်အားကို အသုံးပြုရပြီဆိုလည်း ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေနဲ့သာ အင်အားကို အသုံးပြုရမှာ ဖြစ်ပါတယ်”ဟု အဆိုပါသင်တန်းနှင့် ပတ်သက်ပြီး ပြောသည်။

လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းမှုသင်တန်းတွင်၊ ဒိုင်းလွှားမပါသော၊ ဒိုင်းလွှားပါသော တပ်စိတ်နှင့် တပ်စုများ ဖွဲ့စည်းပုံ လက်တွေ့နမူနာပုံစံ၊ အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် ဒိုင်းလွှားပါသော ကာကွယ်ရေး နည်းလမ်းများ၊ ဖယ်ရှားခြင်း၊ ထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင်ရာနည်းလမ်းများ၊ လူ့အခွင့်အရေးအား အလေးထားမှု၊ အင်အားကို တဖြည်းဖြည်း တိုးမြှင့်သုံးစွဲခြင်း စသည့်တို့ကို သရုပ်ဖော်နည်းများဖြင့် သင် ကြားခဲ့သည်။

Mizzima Burmese