မကျေနပ်ချက်ကို လျော့ချကြည့်ခြင်း

ပို့စ်တင်ချိန် - 2/21/2014 05:55:00 PM


လူအတော်များများက တစ်ယောက်နဲ့တစ်ယောက်
တည့်နေတုန်းကတော့ ဘာအပြစ်မှ မမြင်ကြဘူး။
မတည့်လို့ကတော့ ဘယ်လောက်ကောင်းကောင်း
အကောင်းကို မမြင်ကြတော့တာပါ။

အရင်တုန်းက ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့
တစ်ချက်လောက်များ မကောင်းဖြစ်ခဲ့ရင်
အဲဒီ ကောင်းတဲ့အချက်တွေဟာ အလိုလိုကို
ပျောက်ကုန်ကြတော့တာပါ။

♦ အမှန်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။
လူတိုင်းမှားတတ်တဲ့ သဘောလေးကို နားလည်ပြီး
သူ့နေရာက ဖြည့်ပြီးတွေးကြည့် စေချင်ပါတယ်။

♦ ဘယ်သူပဲဖြစ်ဖြစ် သူများက ကိုယ့်ကို
မုန်းသွားမှာ ၊အထင်လွဲသွားမှာ ကြောက်ကြတာပါပဲ။
ဒီအမုန်းကြီးကိုတော့ သီးသန့်လုပ်ယူကြတာ မဟုတ်ပါဘူး။
ကိုယ်နဲ့အယူအဆ မတူကြလို့သာ မကြိုက်တာတွေ၊
မကျေနပ်တာတွေ၊ အမုန်းတရားတွေ ဖြစ်သွားတဲ့ သဘောပါပဲ။

တစ်ချို့ကိစ္စတွေမှာ
“ဒါဟာ သူ့ပုံစံပဲ၊ သူ့အကျင့်ပဲ၊ သူက
ဒီလိုပြောဆိုပြုမူတတ်တယ်၊
သူတမင်လုပ်တာ မဟုတ်ပါဘူး” စသဖြင့် ဖြေတွေးပြီး ခွင့်လွတ်နားလည်ပေးနိုင်ရင် သူ့အပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့အလိုမကျမှုဟာ ပြေလျော့သွားနိုင်တာ ဖြစ်ပါတယ်။
အဲဒါလေး ပြေသွားတာနဲ့ အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတာလည်း ကိုယ်ကိုယ်တိုင်ပါပဲ။

တစ်ခါတလေ ကိုယ်ကသူများအပေါ် မကျေနပ်သလို ၊
သူတို့ကလည်း ကိုယ့်အပေါ် အဲဒီလို တုန်ပြန်မှုတွေလည်း ရှိနေတတ်တယ်ဆိုတာ သတိပြုပြီး အချင်းချင်း
နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။

ဘာမှအကြာကြီး မဟုတ်ဘူးဆိုတဲ့ နိယာမလေးကို
ဆင်ခြင်ကြည့်ပြီး နေရတဲ့အခိုက်လေးမှာ မကျေနပ်ချက်
အာဃာတတွေနဲ့ နေမယ့်အစား နားလည်မှုလေးတွေ၊ ခွင့်လွှတ်သည်းခံမှုလေးတွေနဲ့ နေထိုင်ကြမယ်ဆိုရင်
အချင်းချင်း မကျေနပ်ချက်တွေကို လျော့ချနိုင်ကြမှာ
အမှန်ပဲ ဖြစ်ပါတယ်။

-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】