ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်ပေးရန် တောင်းဆို

ပို့စ်တင်ချိန် - 2/21/2014 11:08:00 PM


ကလေး၊ ဖေဖော်ဝါရီ ၂၀

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စု အစိုးရထံသို့ တောင်းဆိုလိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇင်ကျုံးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် မင်းတပ်မြို့တွင်ကျင်းပသော (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး တရားဝင်ရုံး ပိတ်ရက် မဟုတ်သဖြင့် ချင်းအမျိုးသားအားလုံး ပါဝင် ဆင်နွှဲနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။
“အဆင့်ဆင့်ပေါ့လေ၊ ဒီလိုတောင်း ဆိုချက်တွေကို ချင်းပြည်နယ် အစိုးရကနေပြီးတော့ နိုင်ငံတော်ကို တင်ပြဖို့ လိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။

ပါလီမန် ဒီမိုကရေစီခေတ်က ရရှိခဲ့ဖူးသော အခွင့်အရေး တစ်ခုကို ပြန်လည် တောင်းဆိုခြင်း ဖြစ်ပြီး ပိတ်ရက်အဖြစ် သတ်မှတ် ပေးသင့်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

ယင်းကဲ့သို့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်မှာ ပြည်နယ် အစိုးရတွင် တာဝန်အများဆုံး ရှိပြီး ဝန်ထမ်း အများစုမှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး ဖ.ဆ.ပ.လ အစိုးရမှ ချင်းပြည်နယ်အတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

(၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား ပြည်နယ်အစိုးရ၊ ချင်းအမျိုးသား တပ်ဦးတို့မှ ဦးဆောင်ကာ အလှူရှင် ဦးထန်းရှိန်း (ထွဋ်ခေါင်ကြီး ကုမ္ပဏီ) ၏ မတည် လှူဒါန်းငွေဖြင့် ကျင်းပခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်သက်သက်ဇင်၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

The Voice Weekly