လာမည့် ဘဏ္ဍာနှစ် အတွင်း ဆက်သွယ်ရေး တာဝါတိုင် နှစ်ထောင်ကျော် ထပ်မံ တည်ဆောက်မည်

ပို့စ်တင်ချိန် - 2/25/2014 02:06:00 PM


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးရန် လိုင်စင် ရရှိထားသော တယ်လီနော၊ Oreedoo ကုမ္ပဏီတို့နှင့် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်းကာ လာမည့် ဘဏ္ဍာနှစ် အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး တာဝါတိုင် နှစ်ထောင်ကျော် ထပ်မံ တိုးချဲ့ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) ဦးပေါလ်ထန်ထိုင်း၏ တယ်လီဖုန်းနှင့် မြန်မာ့ ရုပ်မြင်သံကြား သတင်း ဆက်သွယ်ရေး လုပ်ငန်းများ အတွက် တာဝါတိုင်များ တည်ဆောက်ခြင်း မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင် ၁၁၇၀ တိုင်နှင့် လိုင်စင် ရရှိထားပြီးသော နိုင်ငံခြား ကုမ္ပဏီများက ဆက်သွယ်ရေး တာဝါတိုင် တစ်ထောင်ကျော် တည်ဆောက် သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။

“လာမယ့် ဘဏ္ဍာနှစ်မှာ MPT နဲ့ လိုင်စင် ကျပြီးသား ကုမ္ပဏီတွေ အားလုံးပေါင်းရင် တာဝါတိုင် နှစ်ထောင်နဲ့ သုံးထောင်ကြားမှာ တိုးချဲ့ တည်ဆောက်ပြီး ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ တာဝါတိုင်များ တည်ဆောက် နေသော်လည်း ဖွံ့ဖြိုးမှု နောက်ကျသော နယ်စပ် ဒေသများတွင် ဖုန်းလိုင်းများ ကောင်းမွန်စွာ ပြောဆိုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိ နေရကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။

တချို့နေရာတွေမှာ GSM ပဲ ပြောလို့ ရပြီး အခု နောက်ချပေးတဲ့ တန်ဖိုးနည်း ဖုန်းတွေ ပြောလို့ မရတာတွေ ရှိပါတယ်ဟု ၎င်းကဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးအတွက် လိုအပ်သော ဆက်သွယ်ရေး တာဝါတိုင် အရေအတွက်မှာ တစ်သောင်းကျော် ရှိသော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝါတိုင်ပေါင်း ၁၆၅၅ ခုသာ တည်ဆောက် နိုင်သေးကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် လိုင်စင် ချထားပြီး ဖြစ်သော နိုင်ငံတကာ ကုမ္ပဏီများ ဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့မှ လက်ရှိ အချိန်တွင် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် လိုအပ်သော ပစ္စည်းများကို တင်သွင်းနေပြီး သြဂုတ်လမှ စတင်ကာ ဖုန်းလိုင်းကတ်များကို ရောင်းချ ဖြန့်ဖြူးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

The Voice Weekly