စိတ်ဖိစီးမှုများကို ၂ မိနစ်အတွင်း ဖြေဖျောက်နည်းများ

ပို့စ်တင်ချိန် - 2/21/2014 05:35:00 PM


==========================
နည်းလမ်း ၁

ကော်ဖီတစ်ခွက်သောက်ပါ။ စိတ်ဖိစီးမှုတွေများတဲ့အခါ အာရုံစူးစိုက်မှုက အလိုလို လျော့နည်းသွားပါတယ်။ အဆီ ဖယ်ထားတဲ့ နွားနို့အစား မလိုင်အပြည့်ပါတဲ့ နွားနို့နဲ့ ဖျော်ထားတဲ့ ကော်ဖီတစ်ခွက် သောက်လိုက်ပါ။ စိတ်ခံစားမှုတွေ သိသိသာသာ ပြောင်းလဲ သွားတာကို ခံစားရပါ လိမ့်မယ်။ ပရိုတင်းနဲ့ အဆီဓာတ်ကို ရရှိတာကြောင့် ကျေနပ်မှုနဲ့ တည်ငြိမ်မှုကို ဖြစ်ပေါ်စေတာလို့ ကိုလံဘီယာတက္ကသိုလ်မှ စိတ်ပညာပါမောက္ခ ဒရူးရမ်ဆေက ပြောပါတယ်။

နည်းလမ်း ၂

စွမ်းအားပြန်လည် ဖြည့်တင်းပါ။ စိတ်ဖိစီးမှုတွေများတဲ့အခါ စိတ်ရောလူပါ ပင်ပန်း နွမ်းနယ်တာကြောင့် အနားယူပြီး စွမ်းအင်တွေ ပြန်လည်ဖြည့်တင်းဖို့ လိုပါတယ်။ အဲလိုအခါမျိုးမှာ အင်န်ဒေါ်ဖင်ဟော်မုန်းထွက်ရှိပြီး စိတ်နဲ့ ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှု တွေ ခံစားရစေပါတယ်။ ဒါကြောင့် အနားယူပြီး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက် သင့်တာပါ။ ကြက်သီးနွေးရေနဲ့ ရေချိုးတာ၊ ကြိုက်နှစ်သက်ရာ တေးသီချင်း နားထောင် တာတွေက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

နည်းလမ်း ၃

သစ်ပင်စိုက်ပျိုးပါ၊ ခြံထဲဆင်း မြေကြီးတူးဆွပြီး သစ်ပင်စိုက်ပျိုးတာ၊ ရှင်သန်နေတဲ့ အပင်တွေကို ရေလောင်းတာ၊ ပြုပြင်ထိန်းသိမ်းတာ၊
ပေါင်းသင်တာတွေကို မိနစ် ၃၀ လောက် ပြုလုပ်တာက တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းထဲမှာ မိနစ် ၃၀လောက် စာဖတ်တာထက် စိတ်ဖိစီးမှုကို ပိုမိုလျော့ကျစေတယ်လို့ လေ့လာမှုတွေမှာ တွေ့ရှိခဲ့ရ ပါတယ်။ ဒါဟာ ကိုယ်လက်လှုပ်ရှားမှု ပြုလိုက်လိုက်တာကြောင့်ဖြစ်သလို
မြေကြီးထဲမှာ ရှိတဲ့ ဘက်တီးရီးယားတစ်မျိုးက ဆီရိုတိုနင်ပမာဏကို များစေပြီး စိုးရိမ် သောကဖြစ်မှုကို လျော့နည်းကာ စိတ်အာရုံစူးစိုက်မှုကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတချို့ကို
တွေ့ရှိထားပါတယ်။

နည်းလမ်း ၎

ရေနွေးခွက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပါ။ ကြောက်ရွှံ့မှု၊ စိုးရိမ်မှုတွေ ခံစားရတဲ့အခါ ကြွက်သားကြီးတွေဆီ သွေးရောက်ရှိမှုများပြီး အလိုအလျောက် ထိန်းချုပ်မှုမဲ့ တုံ့ပြန်မှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်နေချိန်မှာ ခြေဖျား၊လက်ဖျားတွေက အေးစက်နေတတ်တာကြောင့် ခြေဖျား၊ လက်ဖျားတွေကို နွေးသွားအောင် ပြုလုပ်လိုက်တာက စိတ်ကို တည်ငြိမ်သွားစေပါတယ်။ ချောကလက် ပူပူတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုင်ထားပြီး လက်ဖျားတွေကို နွေးထွေးစေတာက အလိုအလျောက် တုံ့ပြန်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

နည်းလမ်း ၅

ကောက်နှံတစ်ခုလုံးပါဝင်စာကို သရေစာအဖြစ် စားသုံးတာက နာရီဝက်အတွင်းမှာ ပျော်ရွှင်ကျေနပ်စေတဲ့ ခံစားချက်ကို ခံစားမိစေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံးလိုက်တာကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်လာပြီး ဆီရိုတိုနင်ဟော်မုန်း ထုတ်လုပ်မှုလည်း များလာပါတယ်။ ဒီဟော်မုန်းက အရာရာကိုအကောင်းမြင်စိတ်နဲ့ ရှုမြင်စေပြီး စိတ်တည်ငြိမ်မှုကို ခံစားရစေပါတယ်။

နည်းလမ်း ၆

အဆိုးမြင်စိတ်က ဦးနှောက်ဆီကို အချက်အလက်တွေ ပေးပို့တာကြောင့် အက်ဒရီ နလင်နဲ့ ကော်တီဇော ပမာဏမြင့်တက်ပြီး သွေးဖိအားကို မြင့်မားစေပါတယ်။ ခေါင်းအုံး၊ ဒါမှမဟုတ် အမွေးပွအရုပ်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်တာက ဆီရိုတိုနင်နဲ့ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတချို့ ထုတ်လုပ်မှုကို အားပေးပြီး စိတ်စွမ်းအား မြှင့်တင်ပေးနိုင်တယ်ဆိုတာ
လေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။

နည်းလမ်း ၇

ဖျော်ရည်သောက်ပါ။ ရှောက်၊ သံပုရာ၊ လိမ္မော်စတဲ့ အသီးတစ်မျိုးမျိုးကို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးတာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ ရှောက်၊ သံပုရာ၊ လိမ္မော်စတဲ့ အသီးတွေမှာပါဝင်တဲ့ မရှိမဖြစ်အဆီက စိတ်ခံစားမှုကို ကောင်းစေပြီး တည်ငြိမ်စေပါတယ်။

နည်းလမ်း ၈

အလှဆုံး ပြုံးပါ။ ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေ များနေပါစေ မှန်ကြည့်ပြီး အလှဆုံး ပြုံးလိုက်ပါ။ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေပြေလျော့သွားပြီး စိတ်ရဲ့တင်းအားတွေလည်း ပြေလျော့သွားပါတယ်။ အချိန်အားဖြင့် နှစ်မိနစ်လောက်သာ ပေးရပြီး အမှန်တကယ် အသုံးကျတဲ့ အလွန်လွယ်ကူတဲ့နည်းလမ်းတစ်ခုပါ။

နည်းလမ်း ၉

တတ်စွမ်းသလောက် ပေးကမ်းလှူဒါန်းပါ။ ဟားဗတ်စီးပွားရေးတက္ကသိုလ်ရဲ့ လေ့လာမှု အရ ရယူပိုင်ဆိုင်လိုက်တာထက် သူတစ်ပါးကို ပေးကမ်းစွန့်ကြဲလှူဒါန်း လိုက်တာက စိတ်ဖိစီးမှုကို လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ငွေကြေးတွေ အများကြီးတတ်နိုင်မှ လှူဒါန်းမယ်ဆိုတဲ့ စိတ်မျိုးတော့ မတွေးပါနဲ့။ လှူဒါန်းလိုက်တဲ့ ပမာဏအနည်း၊ အများက ပဓာနမကျပါဘူး။ စွန့်ကြဲလှူဒါန်းလိုက်တဲ့အပေါ် ထားရှိတဲ့ စိတ်ထားကသာ သင့်ကို ပြန်တွေးမိတိုင်း ပီတိဖြစ်စေပါတယ်။

နည်းလမ်း ၁၀

ချောကလက် တစ်ကိုက်ချင်း စားပါ။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ ချောကလက်ရဲ့
အချိုအရသာကို လျှာက ရရှိတဲ့အခါ စိတ်ခံစားမှုကောင်းစေတဲ့ အင်န်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ချောကလက် အညိုထဲမှာပါဝင်တဲ့ ဖလေဗိုနွိုက်တွေက စိတ်ခံစားမှု ကောင်းစေတယ်ဆိုတာကိုလည်း လေ့လာမှုတွေမှာ
တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အမေရိကန်ဓာတုဗေဒအဖွဲ့ရဲ့ လေ့လာမှုအရ တစ်နေ့ကို ချောကလက်အညို ၁.၄ အောင်စ စားသုံးတာက စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ထွက်ရှိတဲ့ ဟော်မုန်းပမာဏကို
လျော့နည်းစေတယ်လို့ သိရပါတယ်။ ချောကလက် စားတဲ့အခါ တဖြည်းဖြည်းချင်း တစ်ကိုက်ချင်းစီစားတာက စိတ်ဖိစီးမှုတွေ လျော့ပါးစေဖို့ ကူညီရာရောက်ပါတယ်။

နည်းလမ်း ၁၁

အသက်ရှူသွင်း၊ ရှူထုတ်မှုအပေါ် အာရုံစိုက်ပါ။ အသက်ရှူရာမှာ ဖြည်းဖြည်းနဲ့ နက်နက်ရှိုင်းရှိုင်းရှူသွင်း၊ ရှူထုတ်လုပ်တာကြောင့် စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ အသက်ရှူသွင်းတာထက် အသက်ကိုရှူထုတ်ရာမှာ
ဖြည်းဖြည်းနှေးနှေးထုတ်တာက နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေများနေတဲ့အခါ အသက်ကို ဖြည်းဖြည်းချင်းရှူသွင်း၊ ရှူထုတ်ပြုလုပ်ပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေကို မောင်းထုတ်နိုင်ပါတယ်။

နည်းလမ်း ၁၂

မေးရိုးနှင့်လျှာကိုအနားပေးပါ။ မေးရိုးနှင့်လျှာကိုအနားပေးလိုက်တာက ဦးနှောက်ဆီကို အချက်အလက်တွေ ရောက်ရှိပြီး အက်ဒရီနလင်နဲ့ ကော်တီဇော ဟော်မုန်း ထုတ်လုပ်မှု တွေကို တားဆီးလိုက်တာကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းသွား စေပါတယ်။
မေးရိုးနှင့်လျှာကိုအနားပေးဖို့က ပါးစပ်ကို အနည်းငယ်ဟထားပြီး
မေးရိုးကို အလိုက်သင့်လေးထားပါက ကြွက်သားတွေ အားလုံးပြေလျော့ သွားပါတယ်။

နည်းလမ်း ၁၃

အနည်းငယ် လှုပ်ရှားလိုက်ပါ။ အားကစားကို နှစ်မိနစ်လောက် ပြုလုပ်လိုက်တာက စိတ်ခံစားမှုကို အကောင်းဆုံး ပြောင်းလဲနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ ဂျွန်ရပ်တေး ကပြောပါတယ်။ ခုန်ပေါက်ပြေးလွှားဆော့ကစားတာမျိုးက
နှလုံးခုန်နှုန်းမြန်ပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေတဲ့အပြင်
နော်အက်ပီနက်ဖရင်း၊ ဒိုပါမင်းနဲ့ ဆီရိုတိုနင် တွေ ထွက်ရှိလို့ စိတ်ဓာတ်ကျဆင်းမှုကို ကောင်းမွန်စေပါတယ်။

နည်းလမ်း ၁၄

အမဲသား စားပါ။ မြက်စားနွားမှရရှိတဲ့ အမဲသားမှာပါဝင်တဲ့ အဆီတစ်မျိုးက ကင်ဆာရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ၀မ်းဗိုက်မှာ အဆီတွေမစုအောင် ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ်တွေကိုလည်း ကာကွယ်ပေးပါတယ်။ မြက်စားနွားမှ ရရှိတဲ့ အမဲသားကနေ သံဓာတ်များစွာ ရရှိနိုင်ပြီး စွမ်းအင်ပမာဏ ကိုလည်း မြှင့်တင်ပေးပါတယ်။ အသက် ၂၀နှစ်မှ ၄၀နှစ်အတွင်း အမျိုးသမီးတွေရဲ့ ၁၅ ရာခိုင်နှုန်းက သံဓာတ်ချို့တဲ့နေကြပါတယ်။ အမျိုးသမီးတွေမှ သံဓာတ်ချို့တဲ့ပါက မောပန်းနွမ်းနယ်တာနဲ့ စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါတယ်။

မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်းမှ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) ရေးသားသည့်
ဆောင်းပါးအား ကောက်နုတ်ဖော်ပြပါသည်။

MOI Webportal