ဥရောပကို ခိုးဝင်လာသူ ၁၁၂ ဦးကို စီစလီကျွန်း ပင်လယ်ပြင်မှာ ကယ်တင်ခဲ့ရ

ပို့စ်တင်ချိန် - 3/01/2014 07:12:00 PM


လက်တလောရက်တွေအတွင်း ဥရောပကိုခိုးဝင်လာသူ ၁၁၂ ဦးကို စီစလီကျွန်း ပင်လယ်ပြင်မှာ ကယ်တင်ခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီတလီရေတပ်နဲ့ ကမ်းခြေစောင့်တပ်တွေက ဆိုပါတယ်။

လမ်ပီဒူစာကျွန်းတောင်ဖက် ပင်လယ်ပြင်မှာ ခိုးဝင်ဖို့ ကြိုးစားသူ ပထမအသုတ်လူ ၁၀၀ ကို ကယ်တင်ခဲ့ရပြီး အလယ်အာဖရိကနိုင်ငံတွေကလို့ ဆိုပါတယ်။ အမျိုးသမီး ၂၃ ဦး၊ အရွယ်မရောက်သေးသူ ၄၆ ဦးနဲ့ မွေးကင်းစခလေး ၁ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ ပန်ဒီလေးရီယာကျွန်းနားက ပင်လယ်ပြင်မှာ မျှောနေတဲ့ ခိုးဝင်သူ ၁၂ ဦးပါ လှေတစီးကိုလည်း ကယ်တင်ခဲ့ရပါတယ်။ အဲ့ဒီ ဒုတိယအသုတ်မှာတော့ ကိုယ်ဝန်ဆောင် ၂ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ရာသီဥတုဆိုးရွားမှု၊ ညအမှောင်ထဲမှာ ကယ်တင်ရမှုနဲ့ ခိုးဝင်သူတွေရဲ့ လှေရှိရာနေရာကို အတိအကျ မသိရှိခဲ့ရတာကြောင့် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

DVB Burmese