ယူကရိန်း ပြဿနာတွင် ရုရှားကို စောင့်ကြည့်နေမည်ဟု အမေရိကန်သတိပေး

ပို့စ်တင်ချိန် - 3/01/2014 08:22:00 PM


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ပြည်ပနိုင်ငံများ အနေနှင့် ဘက်လိုက်မှု သို့မဟုတ် ရန်စပြုမူမှုများ မပြုလုပ်ကြရန် အမေရိကန် ပြည်ထောင်စုက တိုက်တွန်း ပြောဆိုလိုက်ပြီး အထူးသဖြင့် ရုရှားနိုင်ငံ၏ အပြုအမူများကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်ဟု သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး အလှုပ်အရမ်းများနှင့် တင်းမာမှုများမှာ အန္တရာယ် ကြီးမားသည့် အနေအထားသို့ ရောက်ရှိနေသည်ဖြစ်ရာ ပြည်ပနိုင်ငံများ အနေနှင့် ရန်စပြုမူသည့် လုပ်ရပ်များနှင့် ပြဿနာ ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ရှားကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသည်။

ဂျွန်ကယ်ရီက မိမိအနေနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် စကားပြောဆိုခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းက ယူကရိန်း၏ ပိုင်နက် နယ်နိမိတ်ကို ရုရှားဘက်က အသိအမှတ်ပြု လေးစားလိုက်နာပါမည်ဟု ကတိပေးခဲ့ကြောင်း ပြောကြားသည်။

သို့သော် ရုရှားအစိုးရ အနေနှင့် အပြောနှင့် အလုပ်ထပ်တူ ထပ်မျှဖြစ်ရန် လိုအပ်သည်ဟု ဂျွန်ကယ်ရီက ပြောကြားသည်။

ယမန်နေ့ အစောပိုင်းက ယူကရိန်း နယ်စပ်ဒေသ၌ ရုရှားစစ်တပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် ယူကရိန်းနိုင်ငံပိုင် ကရိုင်းမီးယားဒေသရှိ ပါလီမန် လွှတ်တော်ထဲသို့ ရုရှားလိုလားသော လက်နက်ကိုင်များ ဝင်ရောက် စီးနင်းမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုခဲ့ရာတွင် ယူကရိန်း ညီညွတ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေး ကောင်းမွန်ရေးအတွက် ပြန်လည် တည်ဆောက်ရာတွင် ရုရှားအနေနှင့် ထောက်ပံ့မှု ပြုလုပ်ပေးရန် ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။

ယူကရိန်းနိုင်ငံ ကရိုင်းမီးယားရှိ ပါလီမန်သို့ ရုရှားလိုလားသော လက်နက်ကိုင်များ ဝင်ရောက် စီးနင်းမှုနှင့် နယ်စပ်ဒေသ၌ ရုရှားစစ်ရေး လေ့ကျင့်မှု ပြုလုပ်ချိန်တို့ တိုက်ဆိုင်ခဲ့သော်လည်း ယင်းစစ်ရေး လေ့ကျင့်မှုသည် ယူကရိန်းနိုင်ငံတွင်း ဖြစ်ရပ်များနှင့် ဆက်စပ်ပတ်သက်မှု မရှိဟု သမ္မတပူတင်က အမှာစကား ပြောဆိုခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံ ပိုင်နက်ကိုလည်း ရုရှားဘက်က လေးစား လိုက်နာမှုထားမည် ဖြစ်သည်ဟု ပူတင်က ကတိပြု ပြောဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ ရော့ဗ်ကဂျွန်ကယ်ရီကို အသိပေး ပြောကြားသည်။

“ရုရှားနိုင်ငံက ထုတ်ဖော်ပြောဆို အသိပေးထားတဲ့ အတိုင်း နောက်ရက်တွေမှာ အမှန်တကယ်ပြုမူ နေထိုင်ခြင်းရှိ၊ မရှိ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” ဟု ဂျွန်ကယ်ရီက ပြောကြားသည်။

ခရီမီးယားဒေသတွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အလွန်ပင် စိုးရိမ်ပူပန်မိသည်ဟု ရုရှား၊ နေတိုးနှင့် အနောက်နိုင်ငံ ခေါင်းဆောင်များက ထုတ်ဖော် ပြောဆိုထားသည်။

The Voice Weekly