လယ်သမား ၁၄ ဦး ထောင်တစ်လစီချမှတ်ခံရ

ပို့စ်တင်ချိန် - 3/01/2014 03:51:00 PM


သာပေါင်း၊ မတ် ၁။

လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားနေသော လယ်ယာမြေကွက်များတွင် ဝင်ရောက်စိုက်ပျိုးခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာကမှ လယ်သမား ၁၄ ဦးအား ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၄၁ နှင့် သာပေါင်းမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၈ရက်က ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့သည်။

သပြေကျွန်းကျေးရွာမှ အဖမ်းခံသူတစ်ဦးရဲ့ မိသားစုဝင်ဖြစ်သူ ဒေါ်အေးမြိုင်က“အစိုးရကနေ သိမ်းထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်ကို ပေးနေတယ်လို့ကြားတယ် ဒါနဲ့ ကျွန်မတို့လည်း ၂ဝ၁၃ခုနှစ်၊ ၂ လပိုင်းမှာပဲ မြေစာရင်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို လယ်မြေပိုင်ဆိုင်ခွင့် ပုံစံ ပြန်လျှောက်ခဲ့တယ်၊ ပြန်လျှောက်လိုက်တဲ့ အချိန်မှာ ၆ လပိုင်း ၁၃ ရက်နေ့မှာ သာပေါင်းမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးခေါ်တယ် နောက် ရဲမှူးကိုလည်း ခေါ်တယ် အဲ့လိုခေါ်ပြီးတော့ ဒီလူတွေကို ယာယီလုပ်ကိုင်ခွင့် ပေးလိုက်ပါ၊ ဘယ်သူ့ကိုမှ အပိုင်မဟုတ်သေးဘူး၊ အထက်က အမိန့်ကျလာတော့မှ သူတို့ဆုံးဖြတ်ပေးမယ်လို့ ပြောခဲ့တယ်၊ ပါးစပ်အမိန့်နဲ့ပဲပြောခဲ့တာပါ”ဟု ပြောသည်။

၎င်းသာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာ အတွင်းရှိ လယ်ယာမြေ ဧက ၂၀၀ ဝန်းကျင်အား ၁၉၉၉ ခုနှစ် ဝန်းကျင်က ရေနက်ကွင်း လယ်ယာမြေ စီမံကိန်းအဖြင့် ဧရာရွှေဝါကုမ္ပဏီက သိမ်းယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ဧရာရွှေဝါကုမ္ပဏီနှင့် ၎င်းလယ်သမားများသည် ၂၀၀၁ ခုနှစ်အထိ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ယင်းနောက် ဧရာရွှေဝါကုမ္ပဏီအား ပေးသွင်းရမည့် ပိုက်ဆံများကို အကျေပေးချေနိုင်ခြင်း မရှိတဲ့အတွက် ၎င်းကုမ္မဏီက အကျိုးတူလုပ်ပိုင်ခွင့်များကို ရပ်တန့်ခဲ့ပြီး ယင်းအကျိုးတူ လုပ်ကိုင်ခဲ့သော လယ်ယာမြေများကိုတော့ ဧရာရွှေဝါကုမ္ပဏီက တခြားနယ်မြေမှ ဒေသခံများကို ပြန်လည်ရောင်းချခဲ့သည်။

ယခုတရားစွဲဆိုခဲ့သော ဖြစ်ရပ်ကလည်း ဧရာရွှေဝါကုမ္ပဏီကနေ လယ်ယာမြေများအား ရောင်းချခဲ့သူများကပဲ သပြေကျွန်းကျေးရွာမှ လယ်သမား ၁၄ဦးအား တရားစွဲခဲ့တာဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanma Age