အမေရိကန် တစ်ဖက်သတ် အခွန် ကင်းလွတ်ခွင့် တစ်နှစ်အတွင်း မြန်မာ ရမည်ဟုဆို

ပို့စ်တင်ချိန် - 3/01/2014 12:47:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈

အမေရိကန် နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်းများ အတွက် အမေရိကန် အစိုးရက ပေးသော တစ်ဖက်သတ် အခွန် ကင်းလွတ်ခွင့် (Generalized System of Preferences- GSP) ကို တစ်နှစ်အတွင်း မြန်မာနိုင်ငံ ရရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက အမေရိကန် နိုင်ငံ၏ တစ်ဖက်သတ် အခွန် ကင်းလွတ်ခွင့် အတွက် ဆွေးနွေးခဲ့ပြီး အဆိုပါ အခွန် ကင်းလွတ်ခွင့် ရရန်အတွက် လူ့အခွင့်အရေး အခြေအနေ၊ ကလေးလုပ်သား ခိုင်းစေမှုနှင့် မူပိုင်ခွင့် အချက်အလက်များကို ထည့်သွင်း စဉ်းစားခဲ့သည်ဟု ၎င်းက ဆိုသည်။

“ပြီးခဲ့သည့် နှစ်ကတည်းက ကျွန်တော်တို့ ဒီအခွန် ကင်းလွတ်ခွင့်ကို ရရှိဖို့ပါ။ အမေရိကန် အစိုးရရဲ့ လုပ်ငန်းတွေ Shut Down ဖြစ်သွား တာကြောင့် နှောင့်နှေး သွားတာပါ” ဟု ၎င်းကဆိုသည်။

အမေရိကန် နိုင်ငံက ဖွံ့ဖြိုးမှု အနိမ့်ဆုံးသော နိုင်ငံများ (Leatest Development Countries) များသို့ ပေးအပ်သည့် တစ်ဖက်သတ် အခွန် ကင်းလွတ်ခွင့်တွင် ကုန်ပစ္စည်း အမျိုးအစား ၅၀၀၀ နီးပါး အကျုံးဝင်ပြီး အဆိုပါ ကုန်ပစ္စည်းများတွင် ရေထွက် ပို့ကုန်များ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပဲအမျိုးမျိုး၊ သစ်သီးများနှင့် သစ်သီး ဖျော်ရည်များလည်း ပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့ကြီး၏ အကြံပေး Marideth J.Sandler က ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် UMFCCI ၌ ပြုလုပ်သော အမေရိကန် အထူးအခွန် ကင်းလွတ်ခွင့် ဟောပြောပွဲတွင် ပြောကြားသည်။

“နာနတ်သီးလိုမျိုးကို ဖျော်ရည်လုပ်ပြီး အမေရိကန်ကို ပို့တာမျိုးလည်း GSP ရပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ပပို့ ပဲလုပ်ငန်းရှင် တစ်ဦးကမူ ပြည်တွင်းထွက် ပဲအမျိုးမျိုးသည် အရည်အသွေး အားနည်းချက် ရှိ၍ အထူးအခွန် ကင်းလွတ်ခွင့် ပေးအပ်ထားသည့် ဥရောပ နိုင်ငံများသို့ပင် တင်ပို့ရန် အခက်အခဲ ရှိနေသည်ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၏ ရွေးကောက်ပွဲ အခမ်းအနားတွင် The Voice သို့ ပြောကြားသည်။

“အမေရိကန်ရဲ့ GSP ရလာရင် ပြည်တွင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာဖို့ ရှိတယ်။ ဥပမာ- အထည်ချုပ် လုပ်ငန်းလိုမျိုးပေါ့” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံသို့ ကုန်ပစ္စည်း အမျိုးအစား ၁၀၄ မျိုး၊ အမေရိကန် ဒေါ်လာ သန်း ၃၀ ဖိုးခန့် တင်ပို့နိုင်ခဲ့သည်ဟု Marideth J.Sandler က ဆိုသည်။

မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံ၏ တစ်ဖက်သတ် အခွန် ကင်းလွတ်ခွင့်ကို ၁၉၇၆ ခုနှစ်တွင် စတင် ရရှိခဲ့ပြီး လူအခွင့်အရေး ချိုးဖောက်သည်ဟု ဆိုကာ ၁၉၈၉ ခုနှစ်တွင် ပြန်လည် ရုပ်သိမ်း ခံခဲ့ရသည်။

The Voice Weekly