သတင်းစာဆရာကြီး မြို့မမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်း

ပို့စ်တင်ချိန် - 3/01/2014 01:01:00 PM


 လှမြင့်(ရန်ကုန်တက္ကသိုလ်)

ဒီသူငယ်ကို ဒီလူထုက ချစ်ကြတာ၊ လူထုက မမှားပါဘူး၊ ဗမာပြည်လည်း မမှားပါဘူး၊ လွတ်လပ်ရေးရဖို့ နိုင်ငံရေး အလုပ်မှာလည်း မမှားပါဘူး၊ ဒီတော့ သူအခုဝင်ပြီး ဆောင်ရွက်နေတာကို ကျေနပ်သင့်ပါတယ်၊ သူ့အချိန်မှာ သူ့ကိုပဲဝိုင်းပြီး အားပေးလိုက်ကြဖို့ရာ ၀န်မလေးပါဘူး  . . .

မြန်မာ့သတင်းစာ လောကတွင် ထင်ရှားခဲ့သော သတင်းစာဆရာကြီး တစ်ဦးဖြစ်သည့် ဆရာမြို့မမောင် (ဦးအောင်မြင်) ခရစ်နှစ်- ၁၉၈၃ ခုနှစ်)သည် မြန်မာ့သတင်းစာ လောကနယ်ပယ်သို့ ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်ဝေခဲ့သော လောကသာရနေ့စဉ်သတင်းစာ (၁၉၃၁ ခုနှစ်တွင် စတင်ထုတ်ဝေ)ကြီး၌ ညအယ်ဒီ တာနှင့် နိုင်ငံခြားသတင်း ဘာသာပြန် အယ်ဒီတာအဖြစ် စတင်ဝင်ရောက် ဆောင်ရွက်ခဲ့သည်။ ထို့နောက် သူရိယ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ ဗန္ဓုလဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ တိုးတက်ရေး မဂ္ဂဇင်းတို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။

ဆရာမြို့မမောင် (ဦးအောင်မြင်)သည် ကိုလိုနီခေတ်တွင် နယ်ချဲ့ဗြိတိသျှအစိုးရကို ကလောင်လက်နက်ဖြင့် ရဲရဲဝံ့ဝံ့ဆန့်ကျင် တိုက်ပွဲဝင် ထုတ်ဝေခဲ့သော ဆယ်သန်း နေ့စဉ်သတင်းစာ၊ ဆယ်သန်းရက်ခြား သတင်းစာ၊ ဆယ်သန်းဂျာနယ်၊ ဆယ်သန်း မဂ္ဂဇင်းတို့ကို အယ်ဒီတာအဖြစ် တာဝန်ခံ ထုတ်ဝေခဲ့သည်။ ဆယ်သန်း သတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ စတင်ထုတ်ဝေနေချိန်ဖြစ်သော ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၁၄ သန်းမျှ ရှိနေခဲ့သည်။ ယင်း ၁၄ သန်းဦးရေတွင် နိုင်ငံခြားသား ၄ သန်းကို ဖယ်လိုက်လျှင် တိုင်းရင်းသား ၁၀ သန်း၏ အသိဉာဏ်နှင့် စားဝတ်နေရေးတိုးတက်စေရန် ရည်ရွယ်လျက် ခေတ်ကြီးကို အတင်းပြောင်း မည်ဟူ သော ကြွေးကြော်သံနှင့် အတူ ဆယ်သန်း အမည်ဖြင့် စာနယ်ဇင်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်ဝေဖြန့် ချိခဲ့ခြင်း ဖြစ်သည်။… ဆယ်သန်း စာနယ်ဇင်းများတွင် ဆရာမြို့မမောင် (ဦးအောင်မြင်) သည် မြန်မာတို့၏ အမျိုးသားရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာေ ခါင်းကြီးများ၊ ဆောင်းပါး များ ဝေဖန်ချက်များကို ရဲရဲဝံ့ဝံ့ပြတ်ပြတ် သားဖော်ထုတ် ရေးသားတင်ပြခဲ့သည်။ ထို့ ကြောင့် ဗြိတိသျှနယ်ချဲ့အစိုးရက ဆယ်သန်းသတင်းစာကို အာမခံငွေ မတရား တောင်းခံ ခဲ့သောကြောင့် နောက်ဆုံးတွင် အာမခံငွေ မတရားတောင်းခံမှု ဒဏ်မခံနိုင် တော့၍ သတင်းစာကို ပိတ်ခြင်းခံခဲ့ရသည်။

ဆရာမြို့မမောင်သည် ဂျပန်ခေတ်၌ ဗမာ့ခေတ်သတင်းစာတွင် ခေါင်းကြီးပိုင်း ရေးသားသော အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးသတင်းစာ (နေ့စဉ်)ကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ထုတ်ဝေခဲ့သည်။ ၁၉၄၆ ခုနှစ်ကာလသည် မြန်မာ့နိုင်ငံ ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနှင့် မြန်မာတစ်မျိုးသားလုံး တောင်တန်း၊ မြေပြန့်မကျန် အမျိုးသားရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးအတွက် တက်ညီလက်ညီ ဥမကွဲသိုက် မပျက်စည်းလုံး ညီညွတ်ဆုံး အချိန်သမယ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားဖြင့် လွတ်လပ်ရေးကို အမြန်ဆုံးရယူနိုင် ရန် မြန်မာတစ်နိုင်ငံလုံးသို့ တောင်တန်းမြေ ပြန့်အနှံ့ခရီးထွက် ဟောပြောစည်းရုံးလုပ် ဆောင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှ ၃၀ ရက်နေ့အထိ အထက်မြန်မာပြည် မန္တလေး မြို့နှင့် မြို့ရွာများသို့ စည်းရုံးရေး တရားပွဲများ၊ တပ်ရင်းတပ်ဖွဲ့ စစ်ဆေးရေးကိစ္စများကို ခရီးထွက်ဆောင်ရွက်ခဲ့သည်။ ယင်းသို့သော သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရာခရီးစဉ် ဟောပြောပွဲများသို့ စီးပွားရေးသတင်းစာ (နေ့စဉ်)၏ အယ်ဒီတာချုပ် မြို့မမောင် (ဦးအောင်မြင်)သည် ကိုယ်တိုင်လိုက်ပါ သတင်းယူ၍ ဗိုလ်ချုပ် အောင် ဆန်း၏ စည်းရုံးရေးလုပ်ငန်း သတင်း၊ ဆောင်းပါးများကို ဆရာကြီး မြို့မမောင် (ဦးအောင်မြင်)၏ ကလောင်ခွဲ အမည်တစ်ခုဖြစ်သော “စပ်စုမောင်” ဟူ သောအမည်ဖြင့် ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ထုတ် နေ့စဉ် သတင်းစာတွင် ဤသို့ ဖော်ထုတ်တင်ပြရေးသားခဲ့သည်။

“ဗမာပြည်မှာ ဧရာမကြီးကျယ်တဲ့ ရာထူးကြီးနှင့် စစ်ဘက်က မျက်နှာဖြူလူမျိုး မေဂျာဂျင်နရယ် သောမတ်(စ်) သည် ကိုရင်အောင်ဆန်းနှင့်အတူ မော်တော်ကား နှင့်အထက် (မြန်မာပြည်)ကို သွားတယ်။ သူတစ်ယောက် တည်းသွားရင် တိုင်းသူ ပြည်သားထဲမှ ဘယ်သူမှ သူ့ကို ကြိုဆိုမှာ မဟုတ်ဘူး။ ယခုကိုရင်အောင်ဆန်းနှင့် သူ အတူတူ သွားတော့ သူဟာ ကိုရင် အောင်ဆန်းအကြောင်းကို ကောင်းကောင်း သိသွားမှာပဲ။ ကိုရင်အောင်ဆန်း ကို ကြိုဆို ကြတဲ့လူတွေဟာ မန္တလေးကားလမ်းပေါ်မှာ ဟိုဘက်၊ သည်ဘက်တိုးခွေ့ပြီး တစ်မျှော် တစ်ခေါ်ကြီး စောင့်နေကြဆိုပဲ။

မျက်နှာဖြူ စစ်ဗိုလ်ကြီးဟာ ဒီလိုလူထု ကြိုဆိုတာကို တစ်ခါမှ ရမှာမဟုတ်ဘူး။ အကယ်၍သာ သူတစ်ယောက် တည်းသွားလို့ ဒီလိုလူထုကြီးကို မြင်နေရရင် သူတို့ ငါ့ကို ဘာလုပ်ကြမလဲ မသိဘူးဆိုပြီး ကြောက်ကြောက်နှင့် ရှေ့တိုးမသွားဝံ့ဘဲ၊ ခပ်ဝေးဝေးက အကဲခတ်ကြည့်နေမှာပဲ။

ခုတော့ ဗိုလ်ချုပ်အောင်ဆန်းလာပြီ ဟေ့ဆိုပြီး ကားလမ်းတစ်ဖက်တစ်ချက် ၀ိုင်းကြိုပြီး သြဘာပေး လိုက်ကြတာ ကိုက မျက်နှာဖြူဆရာကြီးဟာ အချောင်ခံလိုက်ရမှာပဲ။ အောင်ဆန်းရဲ့ လူထုဟာ ဒီလောက်ပဲ ကြီးကျယ် ရသလားဆိုပြီး သူအံ့သြသွားလိမ့်မယ်။ ကောင်းတယ်၊ သူတို့ကို ဒါမျိုး တွေ များများမြင်အောင်ပြရမယ်။ ဘယ် အချိန် ဘာအခါမဆို အောင်ဆန်းက လက်ကိုင်ပ၀ါပြလိုက်ရင် ဖြစ်ချင်သလို သွားလို့ ၀မ်းမသာနဲ့။ ဒီလောက် နားလည် ရုံနှင့် ဗမာကို လွတ်လပ်ရေးပေးမှာ မဟုတ် ဘူး။ ဒီ့ထက်ပို နားလည်မှပေးမှာ၊ ဒါ ကြောင့် ဒီ့ထက်ပို နားလည်အောင်လုပ်ပြ ရဦးမယ်။

တစ်နေရာမှာတော့ အောင်ဆန်းတို့ လာရင် မိနစ် ၃၀ ရပ်ပြီး၊ တရားဟောပါ လို့ အခွင့်ကောင်းတယ်၊ ဟိုမှာ လည်း မန္တလေး ကားလမ်းပေါ် မှာလည်း ကြိုဆိုနေ ကြတယ်။ တကယ်လို့ မိနစ် ၃၀ ရပ်ပြီး တရားမဟောရင် လူထုနဲ့ အတင်းတားပြီး ၁၅ မိနစ် တရားဟောခိုင်းမတဲ့၊ လူတွေ က ဒီလိုကြုံးဝါးနေကြတယ်၊ ကိုရင်အောင် ဆန်းတော့ ဒုက္ခပဲ။ ဒီလိုသာ လူထုတွေ့ရင် ၁၅ မိနစ်၊ နောက်တစ်ထုတွေ့ရင် ၁၅ မိနစ်နှင့် ကားလမ်း တစ်လျှောက်လုံး ခဏ ခဏရပ်ပြီး တရားဟောနေရရင် မန္တလေးကို တစ်လကြာတောင် ရောက်နိုင်မှာမဟုတ် ဘူး။

ကိုရင်အောင်ဆန်းကို လာကြည့်တဲ့ လူတွေဟာ ပါးစပ်အငြိမ်မနေဘူး။ ကြည့် ပြီးတော့ ငယ်ငယ်လေးနှင့် ခပ်တည်တည် ပါကလားလို့ ပြောလိုပြော၊ ခေါင်းချွန်နေ တာကို ပြောလိုပြောနှင့်။ သူတို့စိတ်ထဲရှိတာ တွေ ပြောချင်တာ ပြောကြတယ်။ ဒါဟာ လွတ်လပ်စွာ ပြောဟောခြင်းလို့ ဆိုရမယ်။ တော်တော်ကြာ အောင်ဆန်းကို ငါ့သားနှင့် တူတယ်လို့ ဆိုချင်ဆိုမယ်၊ ခပ်စွာစွာမိန်းမ ကြီးတွေကလည်း ဒီကောင်လေးကို ငါ့ ဗိုက်ထဲကပဲ မွေးပါ တော့ဟယ်လို့ ညည်းချင် ညည်းမယ်၊ ဒါနဲ့မပြီးသေးဘူး။ အနား ကပ်ပြီး ထိပ်ကို ခေါက်ချင်ခေါက်ကြည့်နေ ကြမလား မသိဘူး။ သတိထားနော်၊ ကိုရင် အောင်ဆန်းအနား အကပ်မခံနဲ့။ စိတ်မချ ရဘူး။ ပြောချင်တာ ပြောပြီး တော်တော်ကြာ လက်ဆော့ဆော့နှင့်၊ တောင်ကိုင် ကြည့် မြောက်ကိုင်ကြည့်လုပ်နေရင် ခင်ဗျားက နဂိုတည်းက ယားတတ်တာနှင့် ကျုပ်တော့ သိပ်စိတ်မချဘူး၊ အဲဒါပဲ စဉ်း စားကြည့်တော့ လူထုဟာ ရောက်တဲ့ နေရာမှာ သူ့ကိုဝိုင်းပြီး ချစ်ခင်သလို ချစ်ကြတယ်။ သူ့စိတ်တိုတာကို ကြည့်ကောင်း တယ် ထင်ကြတယ်။ သူ့ဘောင်းဘီကြီးနဲ့ ထိပ်ချွန်ကြီးနဲ့ ကိုးရိုးကားရား သွားနေတာကိုပဲ ချစ်စရာကောင်းတယ်လို့ ထင် နေကြတယ်။ ဒါဘာကြောင့်လဲ။ အဖြေက တော့ နိုင်ငံရေးရိုးဖြောင့်မှုပဲ။

ဒေါက်တာဘမော်၊ ဦးဂဠုန်စော၊ ဦးဗစိန်၊ ဦးသန်းထွန်း၊ ဦးသိန်းဖေတို့ကို တစ်ဆိတ်ကလေးပြောပါရစေ။ ဒီသူငယ်ကို ဒီလူထုက ချစ်ကြတာ၊ လူထုက မမှားပါဘူး။ ဗမာပြည်လည်း မမှားပါဘူး။ လွတ် လပ်ရေးရဖို့၊ နိုင်ငံရေး အလုပ်မှာလည်း မမှားပါဘူး။ ဒီတော့ သူအခုဝင်ပြီး ဆောင်ရွက်နေတာကို ကျေနပ်သင့်ပါ တယ်။ သူ့အချိန်မှာ သူ့ကိုပဲဝိုင်းပြီး အားပေးလိုက်ကြဖို့ရာ ၀န်မလေးပါဘူးဗျာ။ တိုင်းပြည် လွတ်လပ်တဲ့အခါမှာ သူတစ် ယောက်တည်း ရှင်ဘုရင်လုပ်မှာလည်း မဟုတ်ပါဘူး။ ကြဲချင်တိုင်းလည်း ကြဲမှာ မဟုတ်ပါဘူး။ ရှင်ဘုရင်ဆိုတာ သူဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ထိုက်တန်တဲ့လူမှဖြစ်တာပါ။ သူလုပ်လို့ တိုင်းပြည်ကြီး လွတ်လပ်ရင် အားလုံးပဲ လူကြီးဖြစ်ကြမှာပါပဲ။ ချန် မထားပါဘူး။ ဒီတော့ အခုလို အရေးကြီး တဲ့အချိန်မှာ သူဆောင်ရွက်နေတာကို ၀ိုင်းပြီး အားပေးပေါ့ဗျာ။ ခင်ဗျားတို့လည်း အောက်တန်း မကျစေရပါဘူး။ ဒီလို သဘောတရားတွေ တွေးပြီး ဘယ်နည်းနှင့် အားလုံးပေါင်းပြီး ညီညွတ်မယ်ဆိုတာကို စဉ်းစားကြပါဦးဗျာ။

ကိုရင်အောင်ဆန်းကလည်း လူထုက သိပ်ချစ်လို့၊ စိတ်မပြောင်းနဲ့၊ သွေးကြီးချင် ကြီးချင်ဖြစ်လာရင် ကိုယ့်ဟာ ကိုယ်နှိမ် ထား။ ဒီအချိုးထက် ပိုပြီး သွေးမကြီးနဲ့။ သွေးတောင် နည်းနည်းငယ်ချလိုက်ဖို့ ကောင်းသေးတယ်။ ဒီလိုနေလေလေ လူထုပိုချစ်လေပဲ။ ဒီစာရေးတဲ့ စပ်စု (စပ်စုမောင်)ကြီးကိုလည်း လူတွေချစ်တယ်၊ ဘာကြောင့် စပ်စုကြီးက ကြီးတော်နား ကပ်ပြီး ပလီပလာပြောတတ်တာကိုး။ စပ် စုက ပလီပလာပြော၊ ကြီးတော်ကထိပ် ခေါက်နဲ့ ကိုရင်အောင်ဆန်းကိုလည်း ကြီးတော်တွေက ချစ်လွန်းလို့ ထိပ်ခေါက်ကြည့် ကြမှာပဲ။ သူတို့ချစ်တာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေတဲ့ ခဏခဏ ထိပ် ခေါက်ရင် ညအိပ်တော့ ယောင်ပြီး သေး ပါမှာစိုးရတယ်””

သတင်းစာဆရာကြီး မြို့မမောင် (ဦးအောင်မြင်)သည် မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ ခေါင်းဆောင်သစ်၊ ပြည် သူ့အချစ်တော် ဗိုလ်ချုပ်အောင်ဆန်းနှင့် အထက်မြန်မာပြည်သို့ စည်းလုံးရေးဆင်း၊ ဟောပြောပွဲများသို့ အတူတကွလိုက် ပါသတင်းယူစဉ်၊ ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်တွေ့၊ ခံစားရချက် များကို ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေထုတ် စီးပွားရေးနေ့စဉ် သတင်းစာ၌ စပ်စုမောင်ဟူသော ကလောင်ခွဲဖြင့် ရေးသားတင်ပြခဲ့သည်။ ယင်းသို့သော ပြည်သူချစ်သော ဗိုလ်ချုပ်၏ သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို သတင်းစာ ဆရာကြီး မြို့မမောင် စပ်စုမောင်သည် ဆောင်းပါးအဖြစ် ရေးသားဖော်ပြခဲ့ပြီး နောက်တစ်နေ့ဖြစ်သော ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ တနင်္လာနေ့ (မြန်မာနှစ် ၁၃၀၈ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ရက်) အမျိုးသား နေ့တွင်    “မြို့မမောင်” ဟူသော နေ့စဉ်သတင်းစာ ကြီးကို ကိုယ်တိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ စတင် ထုတ်ဝေခဲ့သည်။ ထို့ ကြောင့် စီးပွားရေးနေ့စဉ် သတင်းစာ (၁၄-၁၁-၁၉၄၆ ခုနှစ်)တွင် ဆရာမြို့မ မောင် (စပ်ဖြဲမောင်) ဟူသော ကလောင် အမည်ဖြင့် ပြည်သူ့အချစ်တော် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသား ခဲ့သော သမိုင်းဝင်ဆောင်းပါးသည် စီးပွားရေးနေ့စဉ် သတင်းစာတွင် အယ်ဒီတာချုပ်တာဝန်ဖြင့် နောက်ဆုံးရေး သားခဲ့သော ဆရာမြို့မမောင်၏ လက်ရာဖြစ်သည်ဟူ၍ သတင်း စာဆရာကြီး ယူပီအိုင်ဦးဘသန်းက မိန့်ကြား ပြောဆိုခဲ့မှုကို မှတ်သားခဲ့ရပါသည်။

ဆရာကြီး ဦးအောင်မြင်(မြို့မမောင်) သည် မြို့မမောင် နေ့စဉ်သတင်းစာကို အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ကိုယ်ပိုင် ထုတ်ဝေခဲ့ခြင်းကြောင့် မြန်မာ့သတင်းစာ လောကတွင် သတင်းစာဆရာကြီး မြို့မမောင်အဖြစ် ထင်ရှားခဲ့သည်။ မြို့မမောင် သတင်းစာကို ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်သတင်းစာဟူ၍ အမည် ပြောင်းလဲခဲ့ပြီး ၁၉၆၂-၆၃ ခုနှစ် ၀န်းကျင်အထိ ပုဂ္ဂလိက သတင်းစာအဖြစ် ထင်ရှားစွာ ထုတ်ဝေခဲ့သည်။ ဆရာကြီးမြို့မမောင် (ဦးအောင်မြင်)သည် ကလောင်ခွဲများဖြစ်သော စပ်စုမောင်၊ စပ်ဖြဲမောင်၊ ဦးရန်ကုန် အမည် များဖြင့် သတင်းဆောင်းပါးများ ခေါင်းကြီးများကို ရန်ကုန်သတင်းစာ ရပ်စဲသည်အထိ အစဉ်မပြတ် ရေးသားခဲ့သည်။ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဥက္ကဋ္ဌ တာဝန်၊ အမှုဆောင်တာဝန်များကိုလည်း ထမ်းဆောင် ခဲ့သည်။

ကျမ်းကိုး

၁။ သတင်းစာဆရာကြီး ယူပီအိုင် ဦးဘသန်း၏ အဆိုအမိန့်များ

၂။ စီးပွားရေး နေ့စဉ်သတင်းစာ (၁၇-၁၁-၁၉၄၆ ခုနှစ်၊ တနင်္ဂနွေနေ့ ထုတ်)

၃။ စာဆိုတော်များ အတ္ထုပ္ပတိ္တ(မောင် သုတ) (မောင်ခင်မင်-ဓနုဖြူ- ဖြည့်စွက် တည်းဖြတ်)

၎။ သတင်းစာနှင့် ဂျာနယ်များ ပြောသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပြီးသတ် လွတ်လပ်ရေးတိုက်ပွဲ (မြတ်သက်) (ရနံ့သစ်မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၂ ခုနှစ်)

myanmarthandawsint