ဥပဒေပညာရှင် မပါသော ပထမဆုံး တရားခွင်လက်တွေ့ သရုပ်ပြမှု ဒဂုံတက္ကသိုလ်တွင် ကျင်းပ

ပို့စ်တင်ချိန် - 3/01/2014 04:29:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး လုပ်ငန်းခွင် ဥပဒေပညာရှင် မပါဘဲ ပထမဆုံး တရားခွင် လက်တွေ့သရုပ်ပြ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

ပထမအကြိမ် တရားခွင် သရုပ်ပြ အခမ်းအနားကို ဝါရင့်ရှေ့နေကြီးများ အကူအညီနှင့် ကျင်းပခဲ့သော်လည်း ကျောင်းသားများသာ ပါဝင်သော အဆိုပါသရုပ်ပြ အခမ်းအနားကိုမူ နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ရန်ကုန်ရှေ့နေအသင်း ပြန်ကြားရေးတာဝန်ခံ တရားလွှတ်တော် ရှေ့နေ ဦးသန်းဌေးက ပြောဆိုသည်။

ယင်းအခမ်းအနားအတွက် ရန်ကုန် ရှေ့နေအသင်းက တစ်ပတ်ခန့် ကြိုတင် လေ့ကျင့်ပေးခဲ့ပြီး သရုပ်ပြ အခမ်းအနားအတွက် ကုန်ကျစရိတ် များကိုလည်း တာဝန်ယူထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
“ကျောင်းသားတွေ လုပ်ငန်းခွင်ဝင်တဲ့အခါ အထောက်အကူဖြစ်လို့ နှစ်တိုင်း ဒီလိုကျင်းပသွားမယ်” ဟု ပါမောက္ခချုပ် ဒေါက်တာ မွန်မွန်တာက ပြောကြားသည်။

တရားခွင်သရုပ်ပြ အခမ်းအနားအတွက် အခြားတက္ကသိုလ်များက လာရောက် ကမ်းလှမ်းမှုများ ရှိပါက လိုက်လံ ကူညီရန် စီစဉ်ထားကြောင်း ရန်ကုန် ရှေ့နေအသင်းထံမှ စုံစမ်းသိရှိရသည်။

နှစ်ပေါင်း ၃၅ နှစ်ကြာ ရပ်နားထားသော တရားခွင် သရုပ်ပြအခမ်းအနားကို ယခင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနက ပြန်လည် စတင်ခဲ့သည်။

The Voice Weekly