ယူကရိန်းကို ရုရှား စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှု အမေရိကန်သမ္မတ စိုးရိမ်

ပို့စ်တင်ချိန် - 3/01/2014 04:30:00 PM

အမေရိကန်သမ္မတ ဘားရက် အိုဗားမား (ဓာတ်ပုံ - ရိုက်တာ)

အမေရိကန်သမ္မတ ဘားရက် အိုဗားမားက ယူကရိန်းနိုင်ငံကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှု တွေကြောင့် ရုရှားနိုင်ငံဟာ ကြီးမားတဲ့ အရင်းအနှီး ပေးဆပ်ရနိုင်တယ်လို့ ရုရှားနိုင်ငံကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က သတိပေးပြောဆိုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံတွင်းက ရုရှားစစ်ရေး လှုပ်ရှားမှုတွေအတွက် စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်း ယာယီသမ္မတကလည်း ခရိုင်မီယာမှာ ရုရှားတပ်တွေတပ်စွဲထားတာဟာ နှစ်ဖက် တိုက်ခိုက်မှုတွေဖြစ်အောင် ယူကရိန်းအစိုးရကို ရန်စွပေးနေတာဖြစ်တယ်လို့ စွပ်စွဲပြောဆို ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေပိုင်စိုးရေးကို ထိပါးမှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို အများကြီးထိခိုက်ပြီး ယူကရိန်းနိုင်ငံအတွက်ကော၊ ရုရှားနဲ့ ဥရောပအတွက်ပါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့လည်း သမ္မတအိုဗားမားက ပြောဆိုခဲ့ပါတယ်။
ခရိုင်မီယာဒေသကိစ္စဟာ ယူကရိန်းပြည်သူတွေ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး အခုလို တပ်စွဲမှုတွေ ဟာ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အချာနဲ့ နယ်မြေပိုင်စိုးမှုတွေကို လေးစားပါမယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ အာမခံချက်ကို အတိအလင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတကာ ဥပဒေတွေကိုလည်း မျက်ကွယ်ပြုတာဖြစ်တယ်လို့ အမေရိကန်သမ္မတက ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဗားမားက ခရိုင်မီယာအရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ တုံ့ပြန်မှုအသေးစိတ်ကို တော့ ထည့်သွင်းပြောဆိုခြင်း မရှိပေမယ့် အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံရဲ့ အရှိန်ရနေတဲ့ စီးပွားရေး အဆက်အသွယ်တွေကို ပြန်ထိန်းပြီး ရုရှားအစိုးရကို ဖိအားပေးနိုင်တယ်လို့ ဆိုပါတယ်။ ယူကရိန်းယာယီသမ္မတက ရုရှားသမ္မတပူတင်ကို ရန်စတာတွေကို ရပ်တန့်ပြီး ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၀၈ ခုနှစ်က ဂျော်ဂျီယာကို ရုရှားတပ်တွေ စေလွှတ်ခဲ့တာနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး ခရိုင်မီယာကို သိမ်းပိုက်ချင်လို့ ယူကရိန်းအစိုးရကို ရန်စွနေတယ်လို့ ပြောဆိုပါတယ်။

လောလောဆယ်အချိန်မှာ စစ်ယူနီဖောင်းဝတ်တွေဟာ ခရိုင်မီယာပါလီမန်၊ ရုပ်မြင်သံကြားလွင့်ရုံ နဲ့ တယ်လီဖုန်းဌာနတွေမှာ တပ်စွဲထားပြီး မြို့တော် ဆင်ဖာရိုပိုလေဆိပ်နဲ့ ရုရှားစစ်အခြေစိုက်စခန်း ရှိတဲ့ စီဗပ်တိုပိုလေဆိပ်တွေမှာ လုံခြုံရေးယူနေကြပါတယ်။

အရပ်ဖက် လေယာဉ်ခရီးစဉ်တွေအားလုံးလည်း ရပ်ဆိုင်းထားပြီး ခရိုင်မီယာ လေကြောင်းပိုင်နက် အတွင်း လေယာဉ်ပျံသန်းမှုတွေကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗိုင်တာလင် ချာကင်က ခရိုင်မီယာက စစ်ရေးလှုပ်ရှားမှုတွေဟာ ယူကရိန်း အစိုးရနဲ့ အရင်ကတည်းက သဘောတူညီမှုယူထားတဲ့ အစီအစဉ်အရပဲ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB Burmese