ယူနိုက်တက်မန်နေဂျာ ရာထူးအတွက် ကမ်းလှမ်းမှု မရှိသေးဟု ကလော့ပ်ပြောကြား

ပို့စ်တင်ချိန် - 4/25/2014 03:54:00 PM


မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးအတွက် ယာဂင်ကလော့ပ်ထံ ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိသေးဟု သိရှိရသည်။

ဘိုရပ်ရှားဒေါ့တ်မန် အသင်းနည်းပြ ကလော့ပ်က ဒေးဗစ်မိုယက်စ် ထွက်ခွာသွားပြီးနောက် ၎င်းနေရာတွင် အစားထိုးမည့် ယူနိုက်တက် မန်နေဂျာသစ် ရာထူးအတွက် မိမိထံ မည်သည့်ကမ်းလှမ်းမှုမျှ ရောက်မလာခဲ့ဟု အတည်ပြုခဲ့သည်။ အစောပိုင်း သတင်းများက ဂျာမန်သား နည်းပြကို ယူနိုက်တက်က စိတ်ဝင်စားနေသော်လည်း ကလော့ပ်က ယင်းရာထူးကို ငြင်းဆန်ထားကြောင်း ဖော်ပြခဲ့ကြသည်။ ယူနိုက်တက်သည် အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးလ်နောက် (၂၃)မှတ် ပြတ်ကျန်ခဲ့သည့်နောက် မိုယက်စ်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။

ကလော့ပ်အား ယူနိုက်တက် မန်နေဂျာ ရာထူးနှင့် စပ်လျဉ်းပြီး သတင်းမီဒီယာများက မေးမြန်းသည့်အခါ ၎င်းက “ကျွန်တော့် စိတ်ထဲမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ တကယ့်ကို ခမ်းနားတဲ့ အသင်းကြီး တစ်ခုပါ။ ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေ ရှည်ကြာနေသလောက် သူတို့တွေ ဖြတ်သန်းနေရာပါလိမ့်မယ်။ ကျွန်တော်နဲ့ ဒေါ့တ်မန်တို့ကြားမှာ ရှင်းလင်းတဲ့ သဘောတူညီမှုတစ်ရပ် ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေက ကမ်းလှမ်းမှုတစ်ခု ရှိခဲ့တယ် ဆိုရင်တောင် အသင်းရဲ့ ကောင်းကျိုးအတွက် တစ်ခုခု ဖန်တီးယူနိုင်စရာ မရှိလောက်ပါဘူး”ဟု ဖြေကြားခဲ့သည်။

အသက်(၄၆)နှစ်ရှိ ကလော့ပ်က ဆက်လက်၍ “ကျွန်တော့်အတွက် ဘာကမ်းလှမ်းမှုမှ မရှိဘဲနဲ့ ဒီအကြောင်းကို ပြောဆိုနေရတာ နည်းနည်းတော့ မသက်မသာ ဖြစ်မိပါတယ်။ တကယ့် ကမ်းလှမ်းမှုတစ်ခု ရောက်မလာခင် ဒီကိစ္စတွေကို ငြင်းဆိုဖို့ဆိုတာ ပုဂ္ဂိုလ်ရေး အမြင်အရ ရှက်စရာတစ်ခုလို ကျွန်တော် ခံစားမိပါတယ်”ဟုလည်း ဆိုသည်။ ၎င်းသည် အစောပိုင်းက ယူနိုက်တက်၏ ခန့်ညားထည်ဝါမှုကို အထင်တကြီး ရှိခဲ့သည့်တိုင် ဒေါ့တ်မန်နှင့် ချည်နှောင်ထားသော သံယောဇဉ်ကို မျက်ကွယ်မပြုလိုကြောင်း ပြောဆိုခဲ့ဖူးသည်။

Ref: skysport
Soccer Myanmar