သီပေါမြို့နယ်အတွင်း မီးလောင်

ပို့စ်တင်ချိန် - 4/18/2014 09:56:00 PM


သီပေါမြို့နယ်၊ ပန်စောက်မိန်းကျေးရွာအုပ်စု၊ မြို့ဟောင်းရပ်အတွင်း ဧပြီလ (၁၇) ရက်  ည (၆) နာရီအချိန်က မီးလောင်မှုတစ်ခု ဖြစ်ခဲ့ကြောင်း
သတင်းရရှိသည်။

အမှိုက်မီးရှို့ရာမှတဆင့် လေတိုက်၍ မီးပွားလွှင့်စင်ကာ ကြက်ခြံအဟောင်းအား ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကြက်ခြံက အဟောင်းကြီးပါ၊ ဆွေးလည်းဆွေးနေတယ်၊ အမှိုက်မီးရှို့ရာကနေတဆင့် လေတိုက်ပြီး မီးပွားတွေကြက်ခြံကို ကူးစက်လောင်ကျွမ်းတယ်လို့ ယူဆရတယ် ” ဟု
သီပေါမြို့မရဲစခန်းမှ စခန်းမှူးက ပြောသည်။

ကြက်ခြံတွင် အစောင့်အဖြစ်လုပ်ကိုင်နေသူ လင်မယားနှစ်ဦးနှင့် ငါးလအရွယ်ကလေးတစ်ဦးရှိပြီး ခြံစောင့်အမျိုးသားအား ကြက်ခြံပိုင်ရှင်ဖြစ်သူ ပန်းတိမ်တောင်ရပ်ကွက်နေ
ဦးရဲထွန်း၏ဇနီး ဒေါ်စိန်ဥက အလုပ်ကိစ္စအတွက် ခေါ်သွားချိန်တွင်ခြံစောင်.၏ ဇနီးဖြစ်သူမှာ ငါးလသားကလေးအား ကြက်ခြံတွင်ထားခဲ့ပြီး ရေသွားချိုးနေချိန်၌
မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခြံစောင့်အဖြစ်လုပ်ကိုင်နေသူ ဒေါ်နန်းခမ်းနုက မီးလောင်မှုဖြစ်နေချိန် တွေ့ဆုံမေးမြန်းရာတွင်
ပြောကြားခဲ့သည်။

အဆိုပါ ကြက်ခြံဟောင်း မီးလောင်မှုအတွက် သီပေါမြို့နယ်၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၄) စီး၊ သန္ဓေမီးသတ်သမား (၁ဝ) ဦး၊
အရံမီးသတ်သမား (၃ဝ) ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည (၇) နာရီ (၁ဝ) မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် သက်ကယ်မိုး
ထရံကာ ကြက်ခြံ (၃) လုံး မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေအဖြစ် (၃) သိန်းခန့် ဆုံးရှုံးသွားကြောင်း သီပေါမြို့၊ မီးသတ်ဦးစီးဌာန ဦးစီးမှူးက
ပြောသည်။

မီးလောင်မှုကြောင့် မီးပေါ့ဆစွာ အသုံးပြုသည့် ခြံစောင့် ဒေါ်နန်းခမ်းနုအား သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age