စစ်ကိုင်းတိုင်းအတွင်း သင်္ကြန်ရက်မှာ ယာဉ်တိုက်မှု အကြိမ် ၄၀ ဖြစ်ပွားကာ လူ ၁၁ ဦး သေဆုံး

ပို့စ်တင်ချိန် - 4/18/2014 09:29:00 PM


ကိုတိုးကြီး| သောကြာနေ့၊ ဧပြီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

မုံရွာ၊ မဇ္ဈိမ။ ။ ၂၀၁၄ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ယာဉ်တိုက်မှုအကြိမ် ၄၀ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၄ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိခဲ့သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒု-တပ်ဖွဲ့ခွဲရုံးမှ ရဲမှူး ခင်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။

“သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုအကြိမ် ၄၀ ဖြစ်ပွားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဘိုး ငွေကျပ် ခြောက်သိန်း ကိုးသောင်းကျော် ဆုံးရှုံးခဲ့ရပါတယ်” ဟု ရဲမှူး ခင်ဇော်မြင့်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်များသည် သင်္ကြန်ကာလ ဧပြီ ၁၃ရက်မှ ၁၆ရက်အတွင်းဖြစ်ပြီး စစ်ကိုင်း တိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်း ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်တိုက်မှု ၂၆ကြိမ်၊ ကားတိုက်မှု ၉ကြိမ်၊ ကားနှင့် ဆိုင်ကယ်တိုက်မှု ၄ ကြိမ်နှင့် ထော်လာဂျီတိုက်မှု ၁ကြိမ်၊ ယာဉ်တိုက်မှု စုစုပေါင်း ၄၀ကြိမ် ဖြစ်ပွားခဲ့သည်ဟု ယာဉ်ထိန်းရဲရုံး၏ စာရင်းဇယားများအရ သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များအနက် မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တိုက်မှု တစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီး လူအသေအ ပျောက်မရှိခဲ့ကြောင်း မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ရေကစားကြမည့်သူများ စိတ်အေးချမ်းသာစွာ ရေကစားကြနိုင်ရန် အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာတပ်ဖွဲ့ခွဲရုံးမှ သင်္ကြန်ရက်မတိုင်မီ ငါးရက်အလို ကာလမှ စတင်ပြီး သရုပ်ပျက်ယာဉ်များ၊ စည်ကမ်းပျက်ယာဉ်များကို ပညာပေးဖမ်းဆီးခဲ့ရာတွင် စုစုပေါင်း ယာဉ် ၁၂၀ စီး ဖမ်းမိခဲ့သည်။ ယင်းသို့ ဖမ်းမိသည့် ယာဉ်များကို ဧပြီလ ၂၂ ရက်တွင် တရားရုံး၌ စစ်ဆေးကာ ယာဉ်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု သိရသည်။

Mizzima Burmese