ကမ္ဘာတစ်လွှား အသက်စွန့်ခဲ့ရသော သတင်းထောက်များ – မောင်မြား

ပို့စ်တင်ချိန် - 4/18/2014 02:57:00 PM


အသတ်ခံရသည့် သတင်းထောက်ဦးရေ၏ လေးပုံတစ်ပုံသည် သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရ တာဝန်ရှိသူများဘက်မှ ကျူးလွန်ခြင်း ဖြစ်သည်။ အစိုးရဘက်မှ ပစ်ခတ်သတ်ဖြတ် လက်စဖျောက်ပစ်ခြင်း ဖြစ်သည် . . .

၂၀၁၃ ခုနှစ်သည် သတင်းထောက်များ “ကပ်”ဆိုက်သည့် နှစ်ဟု သတ်မှတ်ကြသည်။ စုစုပေါင်း သတင်းထောက် အယောက်(၇၀) အသတ်ခံရသည်။ Sky News သတင်းဌာနမှ Mick Deane သည် တာဝန် ထမ်းဆောင်ရင်း သေဆုံးသွားကြသည့် ယခင် သူ့ရဲဘော်ရဲဘက် (၆၇၄) ယောက်နှင့်မတူ CPJ စာရင်းအရ သေဆုံးသူ လေးပုံတစ်ပုံသည် သက်ဆိုင်ရာ အစိုးရက သတ်လို့သေသည်ဟု ကောက်ချက်ချသည်။ Mick Deane သည်လည်း အရေအတွက် လေးပုံတစ်ပုံကဲ့သို့ အစိုးရသတ်လို့ သေသွားသည့် သတင်းထောက် တစ်ဦးဖြစ်သည်ဟု ဆိုသည်။ Mick Deane သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Rabaa Square တွင် ပြည်သူများ ဆန္ဒပြုနေစဉ် ပဋိပက္ခနေစဉ် စစ်တပ်က ၀င်ရောက်စီးနင်း ပစ်ခတ်သည်တွင် Mick Deane ထိမှန် သေဆုံး သွားသည်ဟု ဆိုသည်။ CPJ ၏ ဖော်ပြချက်အရ ၁၉၉၂ ခုနှစ်က စတင်ပြီး သတင်းထောက်များ အသတ်ခံရမှု စုစုပေါင်း အရေအတွက်သည် ၂၀၁၃ ခုနှစ်တွင် (၁၀၀၀)တိတိ ပြည့်သွားပြီ ဖြစ်သည်။ သတင်းထောက် များသည် ပစ်ခတ် သတ်ဖြတ်သဖြင့် သေဆုံးရသည် ရှိသကဲ့သို့ မှားယွင်း ပစ်ခတ်မှုကြောင့်လည်း သေဆုံးရ သည်။ ထို့ထက်မက ညှဉ်းပန်းနှိပ်စက်၊ ရိုက်နှက်လို့ သေဆုံးရသည်များလည်း ရှိသည်။ မည်သို့ဆိုစေ ယခုကဲ့သို့ သေဆုံးသွားရသည့် သတင်းထောက် အရေအတွက်၏ (၇၈) ရာခိုင်နှုန်းသည် စစ်သတင်းများ၊ နိုင်ငံရေး သတင်းများနှင့် နှစ်ဖက်ဖြစ်ပွားနေသည့် ပဋိပက္ခ အကြောင်းအရာများကို ရေးသား ဖော်ပြကြသည့် အတွက် အသတ်ခံကြရသည်။ ယင်းထဲမှ (၆၇) ရာခိုင်နှုန်းသည် မျက်နှာချင်းဆိုင် တိုက်ပွဲများ အတွင်းသော် လည်းကောင်း Crossfiring ဟုခေါ်သည့် ညှပ်ပူးညှပ်ပိတ် ပစ်ခတ်နေသည့် အခြေအနေမျိုး၊ မဆိုင်ဘဲ မှားယွင်း ပစ်ခတ်ခံရသည့် အခြေအနေမျိုးဖြင့် မြေဇာပင်ဘ၀ ရောက်ရှိသွားရသည့် အဖြစ်ဆိုးမျိုးဟု CPJ က ဖော်ပြသည်။

ယခုထက်တိုင် ပြည်တွင်းစစ် မီးဟုန်းဟုန်း တောက်နေဆဲ ဖြစ်သည့် အီရတ်နှင့် ဆီးရီးယား နိုင်ငံမျိုးတွင် သတင်းထောက်များ ပိုမို အသတ်ခံကြ ရသည်။ သေဆုံးကြရသည်။ ၁၉၉၂ ခုနှစ် ကတည်းက စတင် ရေတွက် သည်ရှိသော် အီရတ်နိုင်ငံသည် သတင်းထောက်များ အသတ်အခံရဆုံး အသေအပျောက် အများဆုံးနိုင်ငံ အဖြစ် ဦးဆောင်လျက် ရှိသည်။ ယခုကဲ့သို့ အသတ်ခံရသည့် သတင်းထောက် ဦးရေ၏ လေးပုံတစ်ပုံသည် သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရ တာဝန်ရှိသူများဘက်မှ ကျူးလွန်ခြင်း ဖြစ်သည်။ အစိုးရဘက်မှ ပစ်ခတ်သတ်ဖြတ် လက်စဖျောက်ပစ်ခြင်း ဖြစ်သည်။



43CPJ အဖွဲ့အစည်း၏ စာရင်း ကောက်ယူချက်အရ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာနှင့် အ၀န်းတွင် တာဝန် ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ သူရဲကောင်း၊ သတင်းထောက် အနည်းဆုံး (၇၀)ဦး ရှိသည်ဟု သိရသည်။ ယင်းအရေအတွက်အနက် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံတွင် သတင်းမှန် ရရှိရေး ဆောင်ရွက်နေစဉ် သေဆုံးသူ (၂၉)ဦး ရှိပြီ။ အလားတူ အခြေအနေမျိုးရှိသည့် အီရတ် နိုင်ငံတွင် (၁၀)ဦး ရှိသည်။ ဆီးရီးယား နိုင်ငံတွင် သေဆုံးသူ အရေအတွက်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ဆီးရီးယား မြို့များအတွင်း အစိုးရဘက်မှ ဖြစ်စေ အတိုက်အခံဘက်မှ ဖြစ်စေ၊ သတင်းကြေညာသူ သတင်းတင် ဆက်သူ ဖြစ်ရပ်မှန် သတင်းဓာတ်ပုံများ ရိုက်ကူး တင်ဆက်နေသူ ဒေသခံ သတင်းထောက်များနှင့် ပြည်ပ သတင်းဌာနအဖွဲ့ အစည်းအချို့မှ သတင်းထောက်များ ပါဝင်သည်။ ယင်းအရေအတွက်ထဲတွင် AL Jazeera သတင်းဌာနမှ သတင်းထောက် Mohamed al- Mesalma သည် စနိုက်ပါနှင့် ပစ်ခတ်ခံရသူတစ်ဦး ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသည် သတင်းထောက်များအတွက် သေကွင်းဖြစ်လာ

အီဂျစ်နိုင်ငံတွင် သတင်းထောက် ၆ ဦး သေဆုံးခဲ့ရာ ထက်ဝက်သည် သတင်းပေးပို့နေစဉ် အသတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခင်နှစ် သြဂုတ်လ အတွင်းကပဲ ရာထူးမှ ဖယ်ရှားခံရပြီး အမှုတွဲတွေနှင့် ဖမ်းဆီး ခံထားရသည်။ အီဂျစ်သမ္မတ မော်စီအား ဆန္ဒပြ ကန့်ကွက်သူများအား ဖြိုခွင်းရာတွင် အီဂျစ် လုံခြုံရေး တပ်ဖွဲ့လက်ချက်ဖြင့် ၁၄ ဦး သေဆုံးသွားသည်။

““အရှေ့အလယ်ပိုင်း ဒေသသည် သတင်းထောက်များအတွက် သေကွင်းဖြစ်လာသည်။ အချို့နေရာများတွင် တာဝန်ထမ်းဆောင်စဉ် အသတ်ခံရ(သို့) သေဆုံးသွားသည့် သတင်းထောက်ဦးရေ ကျဆင်းလာသည်။ ဆီးရီးယား နိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲနှင့် အီရတ်နိုင်ငံတွင် အသစ်တဖန် ပြန်လည်ဖြစ်ပေါ်နေ သည့် ဂိုဏ်းဂဏ တိုက်ပွဲများကြောင့် ထိခိုက်သေကြေ အနာတရ ဖြစ်ပွားမှုနှုန်းသည် အံ့မခန်း မြင့်တက်လျက် ရှိသည်ဟု CPJ ၏ လက်ထောက် ညွှန်ကြားရေးမှူး Robert Mahoney ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထောက်များ၏ အရပ်ဘက်ဆိုင်ရာ ဂုဏ်သိက္ခာကို လေးစားရန် သက်ဆိုင်ရာ အစိုးရများနှင့် လက်နက်ကိုင် အဖွဲ့အစည်း အားလုံး လက်ခံရန် တိုက်တွန်းရမည်။ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် CPJ သည် ၁၉၉၂ ခုနှစ်မှ စတင်ပြီး သတင်းထောက် များနှင့် သတင်းအစီအစဉ် တင်ဆက်သူများ သေဆုံးမှုနှင့် ပတ်သက်ပြီး တစ်စိုက်မတ်မတ် ခြေရာခံစုံစမ်းခဲ့ပြီး ဖြစ်သည်။ စာရင်းပေါက် သေဆုံးသူ အများစုသည် လွန်ခဲ့သည့် နှစ်များအတွင်း ပြည်သူလူထုတွေက သူတို့ နေထိုင်ရာ ဒေသမှ စစ်သတင်း နိုင်ငံရေး သတင်းအမှန်များကို အစီရင်ခံ ပေးပို့မှုတွင် ပါဝင်ပတ်သက်သည့် အတွက်ကြောင့် ဖြစ်ကြသည်ဟု မှတ်တမ်းတင်သည်။

သတင်းထောက်များနှင့် သတင်းတိုက်ရိုက် ထုတ်လွှင့် အစီရင်ခံသူများသည် ရဲအရာရှိများ၏ အုပ်ချုပ်ရေး ညံ့ဖျင်းမှု ပြည်သူတွေ လက်မခံနိုင်သော အပြုအမူများ၊ နိုင်ငံရေး အဂတိလိုက်စားမှု(သို့မဟုတ်) မူးယစ်ဆေးဝါး တရားမ၀င် သယ်ဆောင်မှုနှင့် အခြားသော ထိလွယ်ရှလွယ် အကြောင်းအရာများကို တင်ပြ အစီရင်ခံ သည့်အတွက် သီးခြားဖြစ်ရပ်များနှင့်အတူ Brazil, Colombia, the Philippines, India, Bangladesh, Pakistan နှင့် Russia နိုင်ငံများတွင် လုပ်ကြံသတ်ဖြတ် ခံကြရသည်။ Radio France International သတင်းဌာနမှ သတင်းထောက် နှစ်ဦးသည် Mali နိုင်ငံ Kidal မြို့တွင် Tuareg ခွဲထွက်ရေးသမားများ၏ လူမျိုးစု ခေါင်းဆောင် တစ်ဦးနှင့် တွေ့ဆုံပြီး မကြာခင်မှာပဲ ပြန်ပေးဆွဲ အသတ်ခံ လိုက်ရသည်။ Iraq နိုင်ငံ Tikrit မြို့တွင် အီရတ် စစ်သွေးကြွများက TV Salaheddin သတင်း ဌာနမှ ၀န်ထမ်း(၅)ဦးအား အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သည်။ ၁၀ စုနှစ်အတွင်း ပထမဦးဆုံး အနေနှင့် မက္ကဆီကို နိုင်ငံတွင် သတင်းထောက်များ သူတို့ တာဝန် ထမ်းဆောင်မှုအတွက် ဦးရေမည်ရွေ့မည်မျှ အသတ်ခံရသည်ကို မသိရှိရသေးချေ။

CPJ အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း ပစ်ခတ်,သတ်ဖြတ်,ထိမှန်သေဆုံးရသည့် ထပ်တိုး သတင်းထောက် အရေအတွက် ၂၅ ဦး သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်။ ယင်းဦးရေသည် ၂၀၁၃ ခုနှစ် တစ်နှစ်တည်း သေဆုံး သွားကြရသည့် သတင်းထောက် အယောက် ၇၀ စာရင်းတွင် မပါဝင်သေးချေ။ CPJ ၏ အစီရင်ခံချက်အရ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် တစ်ဆက်တည်း ပြည်တွင်းစစ် ဖြစ်ပွားနေသည့် အခြေအနေမှန်များကို သတင်းရေးသား အစီရင်ခံသည့်အတွက် သတင်းထောက်များ အသတ်ခံရသည်ဟု သိရှိရသည်။ ၂၀၁၃ ခုနှစ် တစ်နှစ်တည်း ဆီးရီးယားနိုင်ငံတွင် သတင်းထောက် အယောက် ၆၀ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံကြရပြီး ယနေ့ထက်တိုင် ပျောက်ဆုံးလျက် ရှိသည်။

အီရတ်၊ ဆီးရီးယား စသည့် နိုင်ငံများ အပါအ၀င် အရှေ့အလယ်ပိုင်း ဒေသသည် အကြမ်းဖက် ပဋိပက္ခများ နေ့စဉ် တိုက်ခိုက်မှုများ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် အခြေအနေများ,ဂိုဏ်းဂဏစွဲ အကြမ်းဖက် တိုက်ခိုက်မှုများ၊ လုယက်မှုများဖြင့် ပြည်သူများ ကမ္ဘာပျက်သည်သို့ ခံစားနေရသည်။ ယင်းနေရာများတွင် သတင်းထောက်များ သတင်းအမှန် တင်ပြဖို့ ကြိုးစားရင်း သတင်းအမှန် တင်ပြရင်း ပစ်ခတ် သတ်ဖြတ်ခံကြ ရသည်။ ယင်းအချက်ကြောင့် CPJ က “Middle East a ‘Killing Field’ for journalists” ဟု သတ်မှတ်ခြင်း ဖြစ်သည်။ ဤသို့ သတ်မှတ်သည့် အတိုင်းပင် သတင်းထောက်များ နိုင်ငံအလိုက် အသတ်ခံရသည့် စာရင်းကို ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် တစ်နှစ်တည်း အသတ်ခံရသော သတင်းထောက်များ

၁။ ဆီးရီးယား        ၂၅ ယောက်

၂။ အီရတ်               ၁၀ ယောက်

၃။ အီဂျစ်                   ၆ ယောက်

၎။ ပါကစ္စတန်           ၅ ယောက်

၅။ ဆိုမာလီယာ        ၄ ယောက်

၆။ အိန္ဒိယ                 ၃ ယောက်

၇။ ဘရာဇီး               ၃ ယောက်

၈။ ဖိလစ်ပိုင်             ၃ ယောက်

၉။ ရုရှား                   ၂ ယောက်

၁၀။ မာလီ                ၂ ယောက်

၁၁။ တူရကီ              ၁ ယောက်

၁၂။ ဘင်္ဂလားဒေ့ရှ်   ၁ ယောက်

၁၃။ ကိုလံဘီယာ     ၁ ယောက်

၁၄။ လစ်ဗျား            ၁ ယောက်

မှတ်ချက် – ယင်းသေစာရင်းတွင် Media Worker ဟု ခေါ်သည့် သတင်းထောက် မဟုတ်သည့် သတင်းဌာန ၀န်ထမ်း ၄ ဦးနှင့် အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုချက် ရယူနေဆဲ သတင်းထောက် ၂၅ ဦး မပါဝင်သေးချေ။ ယင်းတို့မှာ ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဘရားဇီး၊ ပီရူးနှင့် ဂွါတေမာလာတို့မှာ ၁ ဦးစီ ပါဝင်ပြီး အိန္ဒိယ ၅ ဦး ပါကစ္စတန်၂ ဦး၊ ဖိလစ်ပိုင် ၅ ဦး၊ မက်ဆီကို ၃ ဦး၊ ဟွန်ဒူးရပ်စ် ၂ ဦး နှင့် ဆီးရီးယား၂ ဦးတို့ ဖြစ်ကြသည်။

Myanmar Thandawsint Newspaper