တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှုမှာ သောကြာနေ့ မနက်ပိုင်းအထိ ၁၇၉ ယောက်ကိုပဲ ကယ်တင်နိုင်သေးလို့ ၂၇၀ ၀န်းကျင် ပျောက်ဆုံးနေ

ပို့စ်တင်ချိန် - 4/18/2014 03:02:00 PM


တောင်ကိုရီးယား သင်္ဘောနစ်မြှုပ်မှုမှာ သောကြာနေ့ မနက်ပိုင်းအထိ ၁၇၉ ယောက်ကိုပဲ ကယ်တင်နိုင်သေးလို့ ၂၇၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။ သောကြာနေ့ မနက်ပိုင်းအထိ ၂၈ ယောက် သေဆုံးတယ်လို့ အရာရှိတွေက အတည်ပြုပြီး ပျောက်ဆုံးနေတဲ့ လူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက်တွေ လျှော့ပါးနေပါတယ်။

ဗုဒ္ဒဟူးနေ့မှာ အင်ချွန်းကမ်းခြေကနေ ဂျီဂျူးကျွန်းဆီကို အားလပ်ရက်ခရီးထွက်ရင်း နစ်မြှုပ်သွားတဲ့ သင်္ဘောပေါ်မှာ ၃၄၀ ဟာ ဒန်ဝန်း အထက်ကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေဖြစ်ပါတယ်။ သင်္ဘောဝန်ထမ်းတွေအပါအ၀င် လူအားလုံး ၄၇၅ ယောက် လိုက်ပါသွားတာ ဖြစ်ပါတယ်။

သောကြာနေ့ မနက်ပိုင်းမှာတော့ သင်္ဘောနစ်မြှုပ်သွားတဲ့ နေရာကို ၀န်ချီစက်တွေ ရောက်နေပါတယ်။ ကရိန်းသုံးခုကို သင်္ဘောနစ်မြှုပ်တဲ့နေရာကို ပို့ထားတယ်လို့ အစိုးရက ကြာသာပတေးနေ့မှာ ပြောပါတယ်၊ ကြာသာပတေးနေ့မှာ ပင်လယ်မှာ လေနဲ့ လှိုင်း ထန်ခဲ့တဲ့အတွက် ရှာဖွေရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ ကမ်းခြေစောင့်တပ်နဲ့ ရေတပ်က ရေငုပ်သမားတွေကလည်း ရေငုပ်ရှာဖွေနေပါတယ်၊ သဘောင်္နစ်မြှုပ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

တောင်ကိုရီးယား သမတ ပါ့ခ်ဂွန်ဟိုင်းကလည်း ကြာသာပတေးနေ့မှာပဲ သင်္ဘောနစ်မြှုပ်တဲ့ တောင်ကိုရိးယား တောင်ပိုင်းကမ်းခြေဒေသကို သွားကြည့်ခဲ့ပါတယ်။ သင်္ဘောကုမ္ပဏီ ဥက္ကဌကလည်း ကြာသာပတေးနေ့မှာပဲ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ သဘောင်္အရာရှိတွေနဲ့ ၀န်ထမ်းတွေဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်ခဲ့ကြတယ်လို့ သင်္ဘောကုမ္ပဏီ ဥက္ကဌ ကင်ဟင် ဆစ်ခ်က ၀န်ခံ တောင်းပန်လိုက်ပါတယ်၊

သင်္ဘောကက်ပတိန် အသက် ၆၉ နှစ်အရွယ် လီဂျွန်ဆွခ်ကိုလည်း ရာဇ၀တ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးခံနေရတယ်လို့ ကမ်းခြေစောင့် အရာရှိတွေက ပြောပါတယ်။ သင်္ဘောကက်ပတိန်ဟာ သင်္ဘောကို စွန့်ပစ်ထားခဲ့သလားဆိုတာကို စုံစမ်းနေတယ်လို့ အရာရှိတယောက်က ပြောပါတယ်၊ သင်္ဘောကက်ပတိန်ဟာ အစောဆုံး ကယ်တင်ခဲ့ရတဲ့ လူတွေထဲက တယောက်ဖြစ်တယ်လို့ အသက်ရှင်လွတ်မြောက်သူတွေကို ကိုးကားပြီး ဒေသ မီဒီယာတွေက အစီရင်ခံပါတယ်။

သဘောင်္နစ်မြှုပ်ရတဲ့ အကြောင်းရင်းကို တရားဝင်ထုတ်ပြန်တာ မရှိသေးသလို သင်္ဘောဟာ မူလလမ်းကြောင်းကနေ ရုတ်တရတ် ချိုးကွေ့ခဲ့လို့ တိမ်းမှာက်သွားတယ်ဆိုတဲ့ ထင်မြင်ချက်တွေကိုတော့ အရာရှိတွေက ငြင်းဆန်ထားပါတယ်။ နစ်မြှုပ်သွားတဲ့ သင်္ဘောဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဂျပန်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။



DVB TV News