ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ပို့စ်တင်ချိန် - 4/18/2014 11:06:00 AM


ဓာတ်ပုံ-ဆန်နီ

ရန်ကုန်၊ ဧပြီ ၁၇

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၉ ရက်က ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဧပြီလ ၁၇ ရက် မနက် ၈ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကြန်ကာလ မတိုင်မီ ဧပြီလ ၉ ရက်မှစ၍ ပြည်ပခရီးစဉ် ထွက်ခွာခဲ့ရာ ဂျာမနီနိုင်ငံသို့ စတင်သွားရောက်ခဲ့ပြီး ဂျာမန်သမ္မတ ယွာမင်မ်ဂေါက်ခ်၊ အဓိပတိ အန်ဂယ် လာမာကဲလ်၊ နိုင်ငံခြားရေး ၀န်ကြီး ဖရန့်ခ်ဝေါ်လ်တာ စတိုင်းန်မိုင်းယာတို့နှင့် တွေ့ဆုံ၍ ဂျာမန် လွှတ်တော် ဘွန်ဒက်စ်တာ့ခ်သို့ သွားရောက် လေ့လာ ခဲ့သည်။

ဂျာမန် ခရီးစဉ်အတွင်း လူအချင်းချင်းကြား နိုင်ငံတကာ နားလည်မှု မြှင့်တင် ပေးနိုင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များကိုသာ ပေးအပ်သည့် နိုင်ငံတကာ ၀ီလီဘရန့်ခ်ထ်ဆုကို လက်ခံရယူခဲ့ပြီး ဂျာမန်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံကာ လွှတ်တော်ရေးရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဧပြီလ ၁၄ ရက်တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့ ပြီး ပြင်သစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးအပြင် အခြားသောနာမည်ကြီး နေရာများသို့ သွားရောက် လေ့လာခဲ့ပြီး ဧပြီလ ၁၅ ရက်တွင် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ မြန်မာနိုင်ငံ အရေးကိစ္စများကို အကျယ်တ၀င့် ရှင်းလင်း ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၆ ရက်တွင် ပြင်သစ်နိုင်ငံမှ ပြန်လည် ထွက်ခွာလာခဲ့ရာ ဧပြီလ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သတင်းရရှိသည်။

ဝတ်ရည်နွေးနွေး
Myanmar Thandawsint Newspaper