ဟာနန်ဒက်ဇ်ကို ရောင်းချရန် မန်ချက်စတာယူနိုက်တက် အသင့်ရှိနေ

ပို့စ်တင်ချိန် - 4/18/2014 10:58:00 AM


အသင်းတွင် ကစားခွင့် မရရှိသည့်အတွက် မပျော်မရွှင် ဖြစ်နေသည့် မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒက်ဇ်က အသင်း အနေဖြင့် နွေရာသီတွင် မိမိအား ရောင်းချရန် အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။

ဟာနန်ဒက်ဇ်သည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ၅ ပွဲသာ ကစားရသောကြောင့် ပြီးခဲ့သည့် နှစ်လ အတွင်း ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်နှင့် အနည်းဆုံး သုံးကြိမ်တွေ့ဆုံကာ ပွဲမကစားရသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယူနိုက်တက်သည် နွေရာသီတွင် ကမ်းလှမ်းမှုများကို လက်ခံသွားဖွယ်ရှိပြီး အိုးထရတ်ဖို့ဒ်တွင် ဝိန်းရွန်နီ၊ ရော်ဘင် ဗန်ပါစီနှင့် ဒန်နီ ဝဲလ်ဘက်ခ် တို့၏နောက် ဦးစားပေး အနေဖြင့်သာ ရှိသည့် မိမိကို မိုယက်စ်၏ အနာဂတ် အစီအစဉ်များတွင် တွေ့မြင်ရမည် မဟုတ်ကြောင်း မက္ကဆီကို တိုက်စစ်မှူးက ဆိုခဲ့သည်။

ဟာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ယူနိုက်တက်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် မိမိအစား ကြံ့ခိုင်မှု မပြည့်ဝသည့် ဝိန်းရွန်နီကို အသုံးပြုခဲ့ခြင်း အပေါ် စိတ်ပျက်လျက်ရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးသည် နွေရာသီတွင် ချယ်ဆီးသို့ ပြောင်းရွှေ့ဖွယ်ရှိသည့် ဒီယေဂို ကော်စတာ၏ နေရာတွင် အစားထိုးနိုင်ရန်အတွက် အက်သလက်တီကို မက်ဒရစ်နှင့် ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိသည်။

ယူနိုက်တက် တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၃၁ ပွဲ ပါဝင်ကစားခဲ့ရပြီး ၎င်းအနက် ပွဲ ၂၀ မှာ လူစားဝင် ကစားသမား အဖြစ် ကစားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းသည် မိုယက်စ်၏ ပထမဦးဆုံး ဘောလုံးရာသီတွင် ၉ ဂိုး သွင်းယူနိုင်ခဲ့သည်။

နွေရာသီတွင် ယူနိုက်တက်မှ ထွက်ခွာဖွယ်ရှိသည့် ကစားသမား အချို့တွင် နီမန်ဂျာဗီဒစ်၊ ရီယိုဖာဒီနန်၊ ပက်ထရစ် အီဗရာ၊ ရှင်ဂျီ ကာဂါဝါ၊ နာနီ၊ အန်ဒါဆန်နှင့် ဘတ္တနာတို့ ပါဝင်ကြောင်း သိရသည်။

soccermyanmar