ဒေသခံများ၏ ကန့်ကွက်မှုကို ရင်ဆိုင်နေရသည့် လက်ပံတောင်းတောင် စီမံကိန်းမှ အစိုးရအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၀၀ ကျော် အကျိုးအမြတ်ရရှိမည်

ပို့စ်တင်ချိန် - 4/18/2014 10:59:00 AM

လက်ပံတောင်းတောင် စီမံကိန်းအား အဓိက ဖော်ဆောင်လုပ်ကိုင်သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီကို တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဝေ)

ဒေသခံများ၏ ကန့်ကွက်မှုဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည့် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြန်မာအစိုးရက တစ်နှစ်လျှင် ဒေါ်လာ သန်း ၁၀၀ ကျော် အကျိုးအမြတ် ရရှိမည်ဖြစ်ပြီး ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲထားကြောင်း အဆိုပါစီမံကိန်းအား အဓိက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Geng Yi က ဆိုသည်။

“အစိုးရကလည်း ဒီစီမံကိန်းကို စံပြစီမံကိန်းဖြစ်အောင် ပြုလုပ်သွားမယ်ဆိုပြီး အတိအလင်း ပြောကြားထားပါတယ်။ ဒီထဲမှာပါတဲ့ Stakeholders တွေကလည်း ကျွန်တော်တို့ရယ် ၊ ကျွန်တော်တို့ရဲ့ စီးပွားဖက် ပါတနာ (ဦးပိုင်) ရယ်၊ အစိုးရရယ်၊ ဒေသခံလူမှု အသိုင်းအ၀ိုင်းတွေရယ် ဆိုတော့ တော်တော်လေးများပါတယ်။ Stakeholders တွေ မှာလည်း သူ့တာဝန်နဲ့သူ ရှိကြပါတယ်။ ဒါမှစီမံကိန်းက အဆင်ပြေမှာပါ။ အစိုးရကလည်း ဒီစီမံကိန်းကို အသုံးချပြီးရမယ့် ငွေဒေါ်လာ သန်း ၁၀၀ ကျော်ကနေ ဒေသခံတွေနဲ့ ဒေသကြီးပွား ဖွံ့ဖြိုးရေးအတွက် လုပ်ဖို့ကို စီမံကိန်းဆွဲထားတယ်လို့ သိရပါတယ်” ဟု Mr.Geng Yi က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာဝမ်ပေါင် ကုမ္ပဏီအနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းပါ မြေဧက ၆၀၀၀ ကျော်အား ဒေသခံများနှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကြောင့် စီမံကိန်းအား အပြည့်အ၀ လုပ်ဆောင်နိုင်မှု မရှိဖြစ်နေပြီး အဆိုပါ မြေယာသိမ်းဆည်းမှုနှင့် ဒေသခံများအား ပြန်လည်နေရာ ချထားမှုမှာ အစိုးရနှင့် မြန်မာ့စီးပွားရေး ဦးပိုင်၏ အလုပ်သာဖြစ်ကြောင်း Mr.Geng Yi က ဆက်လက်ပြောကြားသည်။

“မြေယာသိမ်းဆည်းမှုနဲ့ ရွာသားတွေကို နေရာပြန်လည်ချထားရေးက အစိုးရနဲ့ ကျွန်တော်တို့စီးပွားဖက် (မြန်မာ့စီးပွားရေးဦးပိုင်) ရဲ့ အလုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း ထိရောက်စွာ ဖြေရှင်းနိုင်လောက် ပါတယ်ဆိုပြီး ကတိပေးထားပါတယ်။ စီးပွားရေးနည်းလမ်း၊ တရားဥပဒေနည်းလမ်း၊ နိုင်ငံရေးနည်းလမ်းတွေနဲ့ အစိုးရက သင့်တော်တဲ့ ဖြေရှင်းမှုတွေ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ အထင်တော့ ပြဿနာတွေ ဖြေရှင်းပြီးသွားမှပဲ ဒီစီမံကိန်းက အဆင်ပြေပြေ ဆက်လက်လုပ်ဆောင် သွားနိုင်မှာပါ” ဟု Mr.Geng Yi က ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်းသည် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် အလုံးစုံ လည်ပတ်နိုင်မှု မရှိသေးသော်လည်း စီမံကိန်း စတင်လည်ပတ်နိုင်ရန် လုပ်ဆောင်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး လက်ပံတောင်း စီမံကိန်း အစီရင်ခံစာအား လတ်တလောတွင် မူကြမ်းအဆင့်ဖြင့် ထုတ်ပြန်မှုများ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အစီရင်ခံစာပါအတိုင်း လုပ်ဆောင်မှုရှိ မရှိအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များက ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးနေအေးက ပြောကြားသည်။

Eleven Media Group