စင်ကာပူအခြေစိုက် SCCP Lakeside ကုမ္ပဏီ လှိုင်မြို့နယ်တွင် ကြယ်သုံးပွင့်အဆင့်ဟိုတယ် တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရာနှုန်းပြည့် ၀င်ရောက်မြှုပ်နှံမည်

ပို့စ်တင်ချိန် - 4/18/2014 10:56:00 AM

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် ဟိုတယ်တစ်ခုမှ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

စင်ကာပူအခြေစိုက် SCCP Lakeside ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တည်ဆောက်ခြင်း လုပ်ငန်းအတွက် ရာနှုန်းပြည့် ၀င်ရောက်မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြု တင်ပြထားချက်အပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ၀န်ကြီးဌာနများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များ အပေါ်အခြေခံ၍ ဧပြီ ၁၀ ရက်တွင် ပြုလုပ်သည့် ကော်မရှင်၏ ၁၂/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံမှုပြုလုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ အစည်းအဝေး၌ပင် နိုင်ငံသားမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် ၁၄ ထပ်အမြင့်ရှိ အဆောက်အအုံ တည်ဆောက်၍ တိုက်ခန်းများ ငှားရမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်မည့် လုပ်ငန်းများကိုပါ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း၌ နိုင်ငံခြားလုပ်ငန်း ရှင်များသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများတွင် ဆက်တိုက်နီးပါး ၀င်ရောက်မြှုပ်နှံမှု ရှိနေကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးအပါအ၀င် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်အလုံးပေါင်း ၂၆ လုံးအထိရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရပြီး မန္တလေး၊ ပုဂံ၊ ကော့သောင်းနှင့် တာချီလိတ် ဒေသတို့တွင်ဖြစ်ကာ အဆိုပါ ဟိုတယ် ၂၆ လုံးမှ အသုံးပြုနိုင်သည့် အခန်းအရေအတွက် စုစုပေါင်း ၃၈၀၀ ခန်းကျော်ရှိကြောင်း သိရသည်။

Eleven Media Group