ရေပက်ကစားသူများခြင်းနှင့် စပွန်ဆာရရှိ၍ ယခုနှစ် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်အများစု အမြတ်ရ

ပို့စ်တင်ချိန် - 4/18/2014 10:57:00 AM

ကမ္ဘာအေးစေတီလမ်းမပေါ်ရှိ ရေပက်ခံမဏ္ဍပ် တစ်ခုရှေ့တွင် ရေကစားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ရေပက်ကစားသူဦးရေများခြင်းနှင့် စပွန်ဆာ အခက်အခဲမရှိ ရရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် အများစု အမြတ်ရခဲ့ကြောင်း မဏ္ဍပ်ဆောက်လုပ်သူများထံမှ သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ကမ္ဘာအေးစေတီလမ်းပေါ်တွင် မဏ္ဍပ် ၁၂ ခု၊ ကန်တော်ကြီးကန်ပတ်လမ်းတွင် မဏ္ဍပ် ၁၈ ခု၊ ပြည်လမ်းတွင် မဏ္ဍပ်သုံးခု၊ ဆရာစံလမ်းတွင် မဏ္ဍပ်လေးခု၊ သိမ်ဖြူယာဉ်မောင်းသင်ကွင်းရှေ့တွင် မဏ္ဍပ်သုံးခု အပါအ၀င် တစ်မြို့လုံးတွင် မဏ္ဍပ် ၁၀၀ နီးပါးရှိခဲ့ပြီး အဓိက ရေကစားမဏ္ဍပ်အများစု တည်ရှိရာ ကန်တော်ကြီးကန်ပတ်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ပြည်လမ်းတို့တွင် ရေပက်ကစားသူ များပြားခဲ့သည်။

“ကျွန်တော်တို့ သူငယ်ချင်း အယောက် ၂၀ လောက်စုပြီး မဏ္ဍပ်ဆောက်ခဲ့ကြတာ။ ဒီနှစ်မဏ္ဍပ်အတွက် စပွန်ဆာလည်း အခက်အခဲမရှိ ရခဲ့တယ်။ ဒီနှစ် တော်တော်စည်တယ်လို့ ပြောရမယ်။ ရေလာပက်တဲ့သူလည်း များခဲ့တဲ့အတွက် အမြတ်ရတယ်လို့ ပြောရမှာပါ” ဟု ကန်တော်ကြီး ကန်ပတ်လမ်းရှိ Out of Control မဏ္ဍပ်မှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ယခင်နှစ်သင်္ကြန်သည် လုံခြုံရေး အခြေအနေများကြောင့် သင်္ကြန်အပေါ် စိတ်ဝင်စားမှု နည်းခဲ့ပြီး မဏ္ဍပ်များကို စပွန်ဆာပေးလိုသည့်ကုမ္ပဏီ နည်းပါးခဲ့၍ စပွန်ဆာအတွက် အခက်အခဲများရှိခဲ့ကာ ပြီးခဲ့သည့်သင်္ကြန်က ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင် ရေပက်ကစားသူများခဲ့၍ အမြတ်ရခဲ့သော်လည်း ကန်တော်ကြီးကန်ပတ်လမ်းတွင် ရေပက်ကစားသူ နည်းပါးခဲ့ကာ အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

ယခုနှစ်တွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှလွဲ၍ အများစုမှာ စပွန်ဆာရရှိခဲ့ကြပြီး ယခင်နှစ်ကဲ့သို့ အခက်အခဲ မရှိခဲ့ကြောင်း၊ စပွန်ဆာပေးလိုသူများမှာလည်း ပိုမိုစည်ကားမည်ဟု မှန်းထားခဲ့သည့် ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များအား ပိုပေးခဲ့သည်ဟု မဏ္ဍပ်ဆောက်လုပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

“အမြတ်ဆိုတာကထက် အရင်းကျေတယ်ဆိုရုံပဲ။ စပွန်ဆာမရခဲ့လို့ပါ။ စပွန်ဆာတွေကလည်း ကမ္ဘာအေးစေတီလမ်းကို ပိုပြီးပေးချင်ခဲ့တဲ့ အတွက်ပါ။ ကန်တော်ကြီးပတ်လမ်းမှာဆိုရင် စပွန်ဆာမရတာ မဏ္ဍပ်ငါးခုလောက် ရှိတယ်။ မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ်အမြတ်ပိုနည်းတယ်။ ဒါတောင်မှ လက်မှတ်ရောင်းအားကောင်းလို့။ ကျွန်တော်တို့ လက်မှတ်အစောင် ၁၅၀၀၊ ၂၀၀၀ နီးပါးလောက် ရောင်းခဲ့ရတယ်။ တချို့မဏ္ဍပ်တွေကျတော့ လက်မှတ်ရောင်းအားမကောင်း၊ စပွန်ဆာလည်း မရတော့ ရှုံးတာရှိတယ်” ဟု ကန်တော်ကြီးပတ်လမ်းရှိ Play Boyz မဏ္ဍပ်မှ ကိုအောင်စိုးဟိန်းက ဆိုသည်။

ရေကစားမဏ္ဍပ်ကြီးများ အများဆုံးတည်ရှိသည့် လမ်းများအနက် ကမ္ဘာအေးစေတီလမ်းသည် လမ်းအကျယ်အ၀န်း အနေအထားများကြောင့် ရေပက်ကစားသူ၊ ရေပက်ခံသူ အများဆုံးနှင့် အစည်ကားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းသင်္ကြန် ဖြစ်ခဲ့သည်ဟု ဆိုကြသည်။

“ဒီနှစ် လူလာလည်းများတယ်။ စပွန်ဆာလည်းပေးတော့ အရှုံးမရှိဘူး။ အမြတ်ရတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ အမြတ်ရရှိမှု သိပ်မကွာပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းတွင် ဆောက်လုပ်ခဲ့သည့် Black Jack မဏ္ဍပ်မှ စီစဉ်သူတစ်ဦးက ဆိုသည်။

ကမ္ဘာအေးစေတီလမ်းရှိ မဏ္ဍပ်များတွင်လည်း သတ်မှတ်ထားသည့် ရေကစားသူ အရေအတွက်ထက် ကျော်လွန်ရရှိခဲ့ပြီး မဏ္ဍပ်တစ်ခုဆိုလျှင် တင်ဆောင်သည့် လူဦးရေပမာဏ များပြားခဲ့ခြင်းကြောင့် မဏ္ဍပ်မှာ အောက်သို့အိကျသွားခဲ့ပြီး ညတွင်းချင်း မဏ္ဍပ်အား ပြန်လည်ပြုပြင်ခဲ့ရသည်ဟု ရေပက်ကစားသူ အသိုင်းအ၀ိုင်းမှ သိရသည်။

“ဒီနှစ်က အရမ်းကြီး မြတ်တယ်လို့တော့ မဟုတ်ပါဘူး။ စပွန်ဆာလည်းရတာ့ ဆိုးတော့မဆိုးပါဘူး။ စီးပွားဖြစ် လုပ်တာမဟုတ်တော့ အရမ်းကြီး မမြတ်ပါဘူး” ဟု ကမ္ဘာအေးစေတီလမ်းရှိ 14-Club မဏ္ဍပ်မှ ကိုငြိမ်းချမ်းကျော်ကလည်း ဆိုသည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်တွင် ရေပက်ကစားသည့် လက်မှတ်ခများမှာ ယခင်နှစ်များကထက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် သင်္ကြန်မတိုင်မီကပင် All Day လက်မှတ်တစ်စောင်လျှင် ကျပ် ၆၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ပြီး ယခင်နှစ်များက အများဆုံး ၄၀၀၀၀ အထိသာ ရှိခဲ့သည်။ မဏ္ဍပ်အများစုတွင် မဏ္ဍပ်သင်္ကြန်အတတ်နေ့ လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့သည်။

Eleven Media Group