စမောလင်းကို အံ့အားသင့်ဖွယ် ကမ်းလှမ်းလာဖွယ် ရှိနေသည့် အာဆင်နယ်

ပို့စ်တင်ချိန် - 4/18/2014 09:27:00 PM


အံ့အားသင့်ဖွယ် အခြေအနေ တစ်ရပ်အဖြစ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ခရစ်စမောလင်းကို အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူအတွက် ဝင်းဂါးက စတာလင်ပေါင် (၁၂)သန်းမျှထိ အသုံးချသွားရန် အသင့်ရှိနေကြောင်း Goal.comက ဆိုသည်။ စမောလင်းသည် ယူနိုက်တက်တွင် ပုံမှန်ပွဲထွက် ကစားခွင့်အတွက် စိန်ခေါ်မှုများ ကြုံနေရသူဖြစ်ပြီး လာမည့်ရာသီတွင် ဂျွန်နီအီဗန်စ်၊ ဖီးလ်ဂျုံးစ်တို့သာမက အသင်းက အသစ်ခေါ်ယူမည့် ဗဟိုခံစစ်သမားများနှင့်ပါ အပြိုင်နေရာလုရမည့် အခြေအနေ ရှိနေသည်။ ဝင်းဂါးသည် လာမည့်ရာသီ ခံစစ်ပိုင်းကို ပြောင်းလဲတည်ဆောက်ရန် စီစဉ်နေရာ အသက်(၂၄)နှစ်သာ ရှိသေးသည့် စမောလင်းကို မျက်စိကျနေခြင်းဟု Goal.comက ကောက်ချက်ချ ရေးသားခဲ့သည်။

ဝင်းဂါးသည် (၂၀၁၀)ပြည့်နှစ်က စမောလင်းကို ယူနိုက်တက် မဝယ်ယူမီ ဖူလ်ဟမ် ကစားသမား ဘဝတွင် ကတည်းက စောင့်ကြည့်နေခဲ့ဖူးသည်။ အာဆင်နယ် ခံစစ်ကြောင်းမှ သောမတ်စ် ဗာမေလန် အနေဖြင့် နွေရာသီတွင် အမ်းမရိတ်စ်ကို ကျောခိုင်းမည့် အလားအလာ ရှိနေရာ ယူနိုက်တက်အတွက် ပွဲပေါင်း (၁၂၀)ကျော် ကစားဖူးသည့် စမောလင်းကို အစားထိုးရန် ဝင်းဂါးက ရည်ရွယ်ထားခြင်းဟု သိရသည်။ စမောလင်းသည် ယူနိုက်တက်တွင် လုပ်ခလစာ တစ်ပတ် ပေါင်စတာလင် (၅၂၀၀၀)မျှ ရရှိနေသူဖြစ်ပြီး အာဆင်နယ်၏ လုပ်ခလစာ ကန့်သတ်ချက်နှင့်လည်း ကိုက်ညီနေကြောင်း Goal.comက ဖော်ပြသွားခဲ့သည်။

Ref: Goal
Credit to - Soccer Myanmar